DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၆၃၀ နီးပါးရှိလာ
DVB
·
December 21, 2022
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၆၃၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၂၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၆၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၈၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၆၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၅၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပုသိမ်မြို့မှ ကဗျာဆရာလူစစ်နိုင် (ခ) တင်ကိုထက်၊ ကိုရဲလင်းထက် (ခ) သားပု၊ ကိုထွန်းလင်းဦး၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း (ခ) မောင်ဇော်၊ ကိုဇင်လင်းထိုက် (ခ) တွတ်နီ၊ ဦးထွန်းအေးနဲ့ ငပုတောမြို့နယ်မှ ကိုဇော်လှိုင်ဦး (ခ) မင်းမင်းတို့ ၈ ယောက်ကို ဒီဇင်ဘာ ၁၅ ရက်မှာ ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်ညအချိန်က ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ ကဗျာဆရာ လူစစ်နိုင်ကို အကြမ်းဖက်စစ်အုပ်စုက နေအိမ်တံခါးတွေ ချိုးဖျက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အချိန် ၁ နှစ်နီးပါးအကြာမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ပြည်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးမြတ်မင်းကို နိုဝင်ဘာလကုန်ပိုင်းက ပြည် အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက်တုန်းကလည်း ကိုစိုးမြတ်မင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အမူ ၄ မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် အမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါ တယ်။ ကိုစိုးမြတ်မင်းဟာ ၂၀၂၂ ခုနှစ်၊ မေ ၃ ရက်မှာ ပြည်မြို့က စားသောက်ဆိုင်တဆိုင်မှာ ဖမ်းဆီးခံခဲ့ရပြီး ဇနီးဖြစ်သူ မစုဝေဖြိုးဟာလည်း မေ ၈ ရက်က လက်ပံတန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒါ့အပြင် မစုဝေဖြိုးသည် ဒီဇင်ဘာ ၁၂ ရက်က ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013