Home
မြန်မာသတင်း
ပြည်သူ့အမာခံသတင်းပေး (ဖရဲသီးများ)ကို NUG ဖိတ်ခေါ် သတင်းအချက်အလက် အပေါ်မူတည်ပြီး ဆုငွေချီးမြှင့်မည်
DVB
·
December 21, 2022

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် အကျိုးရှိစေနိုင်မယ့် သတင်းအချက်အလက်ပေါင်းများစွာ ချိတ်ဆက်ပေးပို့မယ့် ပြည်သူ့အမာခံသတင်းပေးပို့သူ (ဖရဲသီး)တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်နေပါတယ်။

ဒီဇင်ဘာ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တော်လှန်ရေးနဲ့စစ်ရေးအရှိန် မြှင့်လာတာနဲ့အမျှ သတင်းလိုအပ်ချက်လည်း ကြီးမားစွာ ရှိလာတာမို့ ​အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်တဲ့ အရာရှိ-စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)တွေအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တာလို့ ဖော်ပြထားပါတယ်။

လတ်တလောကာလမှာ ​ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို‌ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်‌သေးတဲ့ အရာရှိ-စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ကောင်စီ ယန္တရားအတွင်း  များစွာကျန်ရှိနေသေးပြီး ​အမာခံသတင်းပေးပို့သူ(ဖရဲသီး)အဖြစ် ပြုလုပ်မယ်ဆိုရင်တော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ကာ အချက်အလက်တွေ ဖြည့်သွင်းတာ တွေကို ဦးစွာလုပ်ဆောင်ရမှာဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေဖို့လည်း အပြည့်အဝတာဝန်ယူ အာမခံတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ​ပြည်သူ့အမာခံ သတင်းပေးပို့သူ(ဖရဲသီး)တွေအနေနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနကို ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ လုံခြုံစွာပေးပို့နိုင်မယ့်အပြင် သတင်းအချက်အလက် အဆင့်အတန်း ပေါ်မူတည်ကာ ချီးမြှင့်ငွေတွေကိုလည်း ရရှိခံစားနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့အမာခံ သတင်းပေးပို့သူ (ဖရဲသီး)တွေဟာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကာအကွယ်ပေးမှု အာမခံချက်ကို တော်လှန်ရေးကာလ အတွင်းမှာရော တော်လှန်ရေးအလွန် ကာလမှာပါ ပြည့်ဝစွာ ခံစားရမှာဖြစ်တဲ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သတင်းပေးပို့သူတွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ရဲ့ အကျိုးခံစားခွင့်တွေကိုလည်း ရရှိခံစားနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024