
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ ဒီဇင်ဘာ ၂၀ ရက် မနက် ၁၀ နာရီကျော်က လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ သေဆုံး ဒဏ်ရာရတာရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီကျော်က ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်သား ၁၅ ယောက် ကင်းပတ်နေတာကို တော်လှန်ရေးအင်အားစုတွေက အလစ်ဝင်တိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပုလဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သခင်ဒေါင်းညိုက “ ကျနော်တို့ဘက်က ပထမ အမှိုက်ကောက်သမားဟန်ဆောင်ပြီး သူတို့သတိမထားနိုင်မိတဲ့အချိန်ကို စောင့်ပြီး လက်ပစ်မိုင်း ၂ လုံးနဲ့ ပစ်ခတ်တာ၊ စခ နှစ်ကောင် နေရာတင်သေပြီး တကောင်တော့ ပြင်းထန်ဒဏ်ရာ ရသွားတယ်။ သူတို့ဘက်ကလည်း ပထမတော့ ကြောင်ကြည့်နေပြီး ခန နေတော့မှ ကျနော်တို့ကို လိုက်ပစ်တယ်။” လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပုလဲပြည်သူ့ကာကွယ်ရေး ဒေါင်းညိုအဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် လေးယောက်သာ အသုံးပြုခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်က နောက်ကနေ လိုက်လံ ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။