DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက မော်တော်ယာဉ်တင်သွင်းခွင့် ကန့်သတ်ထားသော်လည်း ဝယ်ရောင်းစျေးကွက်ကို သက်ရောက်မှုမရှိ
DVB
·
December 20, 2022
စစ်ကောင်စီက မော်တော်ယာဉ်တင်သွင်းခွင့် ကန့်သတ်ထားသော်လည်း ဝယ်ရောင်းစျေးကွက်ကို သက်ရောက်မှုမရှိ
1 / 2
Donate to DVB

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက လူစီးမော်တော်ယာဉ် တင်သွင်းခွင့်ကို ကန့်သတ်ချက်နဲ့သာ ခွင့်ပြုပေးထားပြီး ဖရီးပါမစ်နဲ့ တင်သွင်းခွင့်ကို အရင်အတိုင်း ပိတ်ပင်ထားဆဲဖြစ်ပေမဲ့ ရန်ကုန်ကားဝယ်ရောင်းဈေးကွက်အပေါ် လက်ရှိမှာတော့ တစုံတရာ သက်ရောက်မှု မရှိသေးဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပြောပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၃ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုနဲ့ စပ်လျဉ်းပြီး ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ် တင်သွင်းခွင့်ပြုတဲ့ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ခုနှစ်နဲ့ သတ်မှတ်ချက်တွေကို ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပြီး ချမှတ်ထားတဲ့ မူဝါဒတွေကိုလည်း ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ လူစီးမော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒက အရင်ရှိခဲ့တဲ့ အခြေအနေ စနစ်ဟောင်းဆီ ပြန်သွားနေတဲ့သဘောသာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်ကားဝယ်ရောင်း ဈေးကွက်အပေါ် သက်ရောက်မှု မရှိသေးတဲ့အကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ထားပါတယ်။

လုပ်သက်ရင့် ကားဝယ်ရောင်းသမားတဦးက “သူက ဖရီးပါမစ်ပုံစံနဲ့ ပေးတာမဟုတ်ဘူး။ ပြီးတော့ ကန့်သတ်ချက်တွေကလည်း ရှိသေးတယ်။ ဒါကြောင့် Brand new သွင်းမယ်ဆိုရင် Showroom သမားတွေနဲ့ Dealer သမားတွေပဲ သွင်းကြတာများတယ်။ ဘာလို့လဲဆိုတော့ စာရွက်စာတမ်းတွေ တင်ပြရတဲ့အပြင် ကုမ္ပဏီမှတ်ပုံတင်ထားတာတွေကိုပါ တင်ပြရတာ။ ပြီးတော့ နိုင်ငံခြားငွေအတွက် ဘယ်ဝင်ငွေနဲ့ရပြီး သွင်းမှာလဲဆိုတာ ပြရမယ်။ သဘောက ဟိုးအရင်တုန်းက ပုံစံမျိုး ပြန်ဖြစ်သွားတာပေါ့။ အပြင်ကနေ ကိုယ်တဦးတည်းအနေနဲ့ သွင်းဖို့ဆိုတာ မလွယ်တော့ဘူး။ အဲ့တော့ Brand new အသစ်စီးချင်တယ်၊ ပိုက်ဆံလည်း ရှိတယ်ဆိုရင် Showroom မှာပဲ သွားဝယ်မှရမယ်။ ဈေးကွက်ထဲမှာ Brand new စီးတဲ့သူက လူတန်းစားတခုအနေနဲ့ ရှိနေတုန်းပဲ။ Brand new ကားက နိုင်ငံခြားမှာ ပုံမှန်ပေါ့၊ သိန်း ၉၀၀ လောက်နဲ့ ဝယ်ရတဲ့ကားက ဒီရောက်ရင် အနည်းဆုံး သိန်း ၁,၃၀၀ လောက်တော့ ပေးရမယ်။ ဒါပေမဲ့ လောလောဆယ် ဒီကြေညာချက်ကြောင့် ဈေးကွက်မှာ အပြောင်းအလဲတော့ ဘာမှမရှိသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာလည်း ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ တပတ်ရစ် ဂျပန်ကား အရောင်းအဝယ်က အေးနေပြီး ဈေးနှုန်းကလည်း အနည်းငယ် ကျဆင်းနေပါတယ်။

ရန်ကုန်အခြေစိုက် ကားဝယ်ရောင်းလုပ်ကိုင်နေသူတဦးကလည်း “Japan Used car ကားက လက်ရှိတော့ မာမာအေးပဲ။ ဈေးကတော့ ခေါ်နေကြတယ်။ ဒါပေမဲ့ ရောင်းချင်တဲ့သူကတော့ ချရောင်းသွားတယ်။ မရောင်းနိုင်တဲ့သူကတော့ ဈေးကို အရင်ဈေးပဲ ခေါ်ထားတယ်။ ဈေးကွက်ကတော့ အေးတယ် ပြောရမယ်။ အရောင်းအဝယ်ဖြစ်ချင်တဲ့ သဘောနဲ့ ချရောင်းရတာတွေတော့ ရှိတယ်။ ဥပမာ Honda Fit တွေဆိုရင် သိန်း ၃၀၀ အပေါ်မှာ ခေါ်ရောင်းတဲ့ကားက အခု သိန်း ၃၀၀ အောက်နဲ့ ဖြစ်နေတာလည်း ရှိတယ်။ သဘောက ဈေးနည်းနည်းကျတယ်လို့ပဲ ပြောရမှာပေါ့။ ဒါက လူသုံးများတဲ့ ကားသေးဈေးကွက်ပေါ့။ ဒါပေမဲ့ လုပ်ငန်းသုံး pick up ကားတွေကတော့ မာနေတုန်းပဲ။ ဈေးမကျဘူး။ သူတို့ကတော့ အပြောင်းအလဲ သိပ်မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဟာ ကားတင်သွင်းခွင့် မူဝါဒတွေကို မူလအတိုင်း အပြောင်းအလဲမရှိဘဲ ဆက်လက် ကျင့်သုံးသွားမယ်လို့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက်မှာ ပြည်ပကနေ ကားအစိတ်အပိုင်းတွေ တင်သွင်းပြီး ပြန်လည်တပ်ဆင်ရောင်းချတဲ့ SKD စနစ်နဲ့ပဲ ကားတင်သွင်းခွင့်ပြုထားပြီး ကျန်တဲ့ကားတွေကို တင်သွင်းခွင့်မပေးဘဲ ပိတ်ထားတာပါ။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကားတွေကို SKD တင်သွင်းမှုကိုပဲ ဆက်လက်ခွင့်ပြုမှာဖြစ်ပြီး အစီးလိုက် တင်သွင်းရောင်းချမှုကို ခွင့်ပြုပေးဖို့မရှိသေးဘူးလို့ ကားဈေးကွက် ကျွမ်းကျင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုက ကားမူဝါဒပြောင်းမယ်ဆိုပြီး သတင်းတွေသာ ထွက်နေတာ။ ဘာမူဝါဒမှ မပြောင်းသွားပါဘူး။ အရင်အတိုင်းပဲ ဖြေလျှော့ပေးထားတာမရှိဘူး။”

ပြည်တွင်းမှာ ဒေါ်လာငွေ ရှားပါးမှုကြောင့် SKD စနစ်နဲ့ ထုတ်လုပ်တဲ့ ကားတွေအပါအဝင် ကားဈေးနှုန်းတွေ မြင့်တက်နေပြီး ကားဈေးနှုန်းကျဖို့အတွက် မူဝါဒပိုင်း ဖြေလျှော့ပေးဖို့ လိုအပ်တယ်လို့ ကားဈေးကွက်လေ့လာသူတဦးက ဒီဗွီဘီကို ပြောပြပါတယ်။

“အခု ကားက တပတ်ရစ်ကားတွေတောင် အရင်ထက် ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းလောက် ခုန်တက်သွားတယ်။ အရင် သိန်း ၇၀၀၊ ၆၀၀ လောက်ပေါက်တဲ့ ဂျပန်ကားတွေ၊ တပတ်ရစ်ကားတွေ အခု သိန်း ၁၀၀၀၊ သိန်း ၁၀၀၀ ကျော်တွေ ဖြစ်နေပြီ”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးတာတွေကို ကာလရှည်ကြာ ရပ်နားထားခဲ့လို့ ပြည်တွင်းက ကားအရောင်းစင်တာတွေမှာ ပြန်ရောင်းချမယ့်ကားတွေ မရှိသလောက် ဖြစ်နေပြီး  ကားအရောင်းစင်တာတွေက လုပ်ငန်းပိတ်သိမ်းဖို့အထိ စီစဉ်နေတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ မော်တော်ကားတင်သွင်းရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်များနေလို့ ဆိုပြီး အဲဒါကို ထိန်းချုပ်ဖို့ ပြည်ပက ကားတွေ ဇိမ်ခံပစ္စည်းတွေ တင်သွင်းခွင့်ပိတ်ထားတာ၊ ကြတော့ ဒီက ကား Show Room တွေ ထွက်ပေါက်ပိတ်လိုက်သလို ဖြစ်သွားတယ်။ ရောင်းစရာကားတောင် ဆိုင်တွေမှာ မရှိတော့ဘူး။ တချို့ Show Room ပိတ်သွားတာတွေတောင် ဖြစ်နေပြီ”လို့ သူက ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြည်ပမှ လူစီးမော်တော်ယာဥ်တွေ တင်သွင်းရာတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ မော်တော်ယာဥ်တွေကိုသာ တင်သွင်းခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် လုပ်ငန်းသုံးယာဉ်တွေဖြစ်တဲ့ ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်တွေကိုလည်း ၂ဝ၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ်ယာဉ်/လူနာတင်ယာဉ်တွေကို ၂ဝ၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ ယန္တရားတွေကို ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိဆိုပြီး ထုတ်လုပ်တဲ့ ခုနှစ်တွေကို အသီးသီး သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013