DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည် ၁၀၄ ဦးပါတဲ့ စက်လှေကို သီရိလင်္ကာရေတပ် ကယ်ဆယ်
DVB
·
December 20, 2022
ရိုဟင်ဂျာဒုက္ခသည် ၁၀၄ ဦးပါတဲ့ စက်လှေကို သီရိလင်္ကာရေတပ် ကယ်ဆယ်
Donate to DVB

ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာ ၁၀၄ ယောက်ပါတဲ့ စက်လှေကို သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်း အစောင့်တွေက ကယ်ဆယ်နိုင်ခဲ့ပေမဲ့ သူတို့ကို စစ်ကောင်စီလက်ကို အပ်လိုက်မှာကို မိသားစု၀င်တွေနဲ့ ရိုဟင်ဂျာအရေး အကူအညီပေးသူ‌တွေက  စိုးရိမ်နေပါတယ်။

ပင်လယ်ထဲမှာ ရက်အတော်ကြာ မျောနေခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စုစုပေါင်း ၁၀၄ ယောက်ပါတဲ့ စက်လှေတစီးကို သီရိလင်္ကာရေတပ်က ဒီဇင်ဘာ ၁၈ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ကာ လတ်တလော ကိုဗစ်-၁၉ စစ်ဆေးပေးနေကာ နေစရာနဲ့ အစားအစာ အကူအညီပေးနေပါတယ်။

အခုတွေ့တဲ့ စက်လှေက ပင်လယ်ထဲမှာ ရက် ၂၀ ကျော် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ စက်လှေ ၂ စီးထဲက ၁ စီး ဖြစ်ပါတယ်၊ သူတို့ကို ကယ်တင်ထားတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူတို့ကို မြန်မာစစ်ကောင်စီလက်ကို မအပ်ဖို့အတွက် NUG ဘက်က မေတ္တာရပ်ခံထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေး၀န်ကြီးဌာန-အကြံပေး ကိုအောင်ကျော်မိုးက “အခု လုပ်ဖို့လိုတာက နီးစပ်ရာ မူဝါဒချမှတ်နိုင်တဲ့သူတွေ၊ လူ့အခွင့်အရေးဝန်ကြီးကိုလည်း ပြောပြဖို့လည်း ရှိတယ်။ ကျနော်တို့ အဓိကလုပ်ရမှာက သီရိလင်္ကာက ကယ်လိုက်တဲ့ ရိုဟင်ဂျာ ၁၀၄ ယောက်ကို စစ်ကောင်စီလက်ထဲ လွှဲမပေးဖို့ပေါ့။ လွှဲပေးလိုက်ရင် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ရှိနေတယ်။ ဖမ်းဆီး ထောင်ချတာတွေလုပ်နိုင်လို့ စစ်ကောင်စီဘက်ကို မရောက်သွားဖို့ အရေးကြီးပါတယ်။” လို့ ပြောပါတယ်။

အခုလို ရိုဟင်ဂျာ စက်လှေတွေ ပင်လယ်ထဲမှာမျောနေပြီး၊ အစာရေစာပြတ်လပ်ကာ သေဆုံးတော့မယ့် အခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့ကိစ္စကို အရေးပေါ်ကူညီဖို့နဲ့၊ ဘင်္ဂလားဒေ့ရှ် စခန်းတွေကနေပဲ စေတနာ့ဝန်ထမ်းတွေ စေလွှတ်ပြီးအကူအညီပေးခွင့်ရဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးဆီကို မိသားစု၀င်တွေက ဒီဇင်ဘာ ၁၇ ရက်က စာပေးပို့  အကူအညီ တောင်းခံထားပါတယ်။

အခု ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်ထဲ ပြန်မပို့ဘဲ သူတို့ ဆန္ဒအတိုင်း သွားချင်တဲ့နေရာကိုသွားခွင့်ပြုပေးဖို့ ဆွေမျိုးတော်စပ်သူတွေက နိုင်ငံတကာအသိုက်အ၀န်းကို မေတ္တာရပ်ခံထားပါတယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနေ  ဦးအောင်မြိုင်က “ယူအန်အပါအဝင် နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအနေနဲ့ဖြစ်ဖြစ်၊ လူ့အခွင့်အရေးအရဖြစ်ဖြစ် အမှန်တကယ် လူ့ဂုဏ်သိက္ခာရှိရှိ သူတို့ကို နေထိုင်နိုင်အောင် တခုခု ဆောင်ရွက်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံ စကစကိုပို့မယ်ဆိုရင် ဒီလူတွေအတွက် အရမ်းအန္တရာယ်များပါတယ်။ အဓိကကာယကံရှင်ရဲ့ဆန္ဒကို မေးပြီး သူတို့က ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတာ နားထောင်ပြီးတော့ သူတို့ရဲ့ဆန္ဒအတိုင်း နိုင်ငံတကာက ကူညီဆောင်ရွက်ပေးသင့်ပါတယ်” လို့ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်တွေထဲမှာ ၃ ရက်ခြားပြီး စက်လှေ ၃ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းကနေထွက်ခွာလာတာပါ။

လူ ၁၅၄ ယောက်ပါတဲ့ ပထမတစီးကတော့ လူ ၁၀ ယောက်လောက် သေဆုံးပြီးနောက် ဗီယက်နမ် ရေနံသင်္ဘောတစီးက ကယ်တင်ကာစစ်ကောင်စီလက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

လူ ၁၈၀ ခန့်ပါတဲ့ နောက်ထပ်စက်လှေကတော့ အင်ဒိုနီးရှားနိုင်ငံရေးပိုင်နက်အနီး မာလက္ကာရေလက်ကြားမှာ ရောက်နေစဉ် အကူအညီပေးဖို့ တောင်းဆိုထားတဲ့ အသံဖိုင်တခုကို  ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ နောက်ဆုံးကြားသိခဲ့ရပြီး အခုထိ အဆက်အသွယ် မရသေးလို့ မိသားစု၀င်တွေ စိုးရိမ်နေကြပါတယ်။

အခု လူ ၁၀၄ ယောက်ပါ စက်လှေကတော့  ဒီဇင်ဘာ ၁၉ ရက်က အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတခုနဲ့ အနောက်ဘက် ကမ်းရိုးတမ်း ရေးမိုင် ၃ မိုင်ခွဲလောက်မှာ သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီလှေပေါ်မှာ အမျိုးသမီး ၃၉ ယောက်နဲ့ ကလေးငယ် ၂၃ ယောက် ပါဝင်ပြီး အသက် ၈၀ အရွယ် အဘိုးအိုတဦး၊ ကလေးမိခင် တဦးနဲ့သူ့ရဲ့ ကလေး နှစ်ယောက် ဖျားနာနေတာကြောင့် ဆေးရုံတက် ဆေးကုသမှုခံယူနေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကို သွားဖို့ ဦးတည်ထွက်ခွာလာတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013