
ရန်ကုန်မှာရှိတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ အရင်ကထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီတာရုံး၊ လဝကရုံး၊ စည်ပင်ရုံး၊ ထွေအုပ်ရုံးတွေမှာ စစ်ကောင်စီတပ်သားတွေကို လုံခြုံရေးအဖြစ်ထားရှိခဲ့ပြီး အရင်က စစ်ကောင်စီတပ်သားတွေဟာ အဲ့ဒီရုံးတွေမှာ ဘန်ကာတွေတည်ဆောက်ပြီး ဘန်ကာတွေ အတွင်းမှာပဲ အစောင့်သဘော နေထိုင်ခဲ့ကြပါတယ်။
အခုအခါ အများပြည်သူ အဝင်အထွက်များတဲ့ လဝကရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတွေမှာ စစ်ကောင်စီတပ်သားတွေက မိုင်းရှာစက်တွေနဲ့ စစ်ဆေးတာတွေ ပြုလုပ်နေသလို ပြည်သူတွေရဲ့ အိတ်တွေကိုပါ စစ်ဆေးလာတယ်လို့ ရန်ကုန်မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ရုံးတွေအတွင်းဝင်မယ့် ပြည်သူတွေကို စစ်ဆေးတာအပြင် ရုံးဝန်ထမ်းတွေရဲ့ အိတ်တွေကိုပါ စစ်ဆေးလာတာကြောင့် ရုံးဝန်ထမ်းတွေက မကျေနပ်ကြဘူးလို့လည်း သိရပါတယ်။
ရန်ကုန်မှာ မင်္ဂလာဒုံလေတပ်ဝန်းနဲ့ ဆေးဝါးစက်ရုံရှေ့မှာရှိတဲ့ စစ်တပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ အပစ်ခံရတာ၊ မြို့နယ်တချို့မှာ နေ့စဉ် ဗုံးပေါက်ကွဲတာတွေနဲ့ ပန်းဆိုးတန်း-ဒလသွား ကူးတို့ယာဉ်ပေါ်မှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း အခုလို လုံခြုံရေး တင်းကျပ်ထားတာလည်း ဖြစ်ပါတယ်။