DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ကော့ကရိတ်-မြဝတီလမ်းကို ပြန်ပိတ်၊ စစ်လေယာဉ်များစောင့်ကြည့်ပျံသန်းနေ
DVB
·
December 20, 2022
စစ်ကောင်စီတပ်က ကော့ကရိတ်-မြဝတီလမ်းကို ပြန်ပိတ်၊ စစ်လေယာဉ်များစောင့်ကြည့်ပျံသန်းနေ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံ-မြဝတီ အာရှလမ်းပေါ်က တံတားကျိုးဂိတ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ၁၁ နာရီလောက် ပြန်ပိတ်လိုက်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနေ့ နေ့လယ်ပိုင်းလောက်က ကော့နွဲကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီက လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ဒီကနေ့မနက် ပြန်ပိတ်လိုက်တာလို့ ဆိုပါတယ်။

ခရီးသည်တင်ယာဉ်မောင်းတဦးက “မနေ့ ညနေကတည်းက လမ်းပြန်ဖွင့်ပေးတယ်။ ဒီမနက် ကလေးတွေ စာမေးပွဲဖြေပြီးရင် နေ့လယ်လောက် ဂိတ်ကိုပြန်ပိတ်မယ်လို့ ပြောတယ်။ အခုတော့ လမ်းကြောပြတ်သွားပြီး ကားတွေ ဆင်းမလာတော့ဘူး။ အခုတော့ ပိတ်လိုက်ပြီ၊ ဘယ်အချိန်ထိ ပိတ်မယ် ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

ဘားအံ-မြဝတီ အာရှလမ်းမကြီးဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာမှာ ဒုတိယအရေးပါတဲ့ လမ်းမကြီးဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်နေတာပါ။

ကော့ကရိတ်မြို့အဝင် တံတားကျိုးဂိတ်ကို စစ်ကောင်စီက ယာဉ်ဖြတ်သန်းသွားလာမှုတွေ ပြန်ပိတ်လိုက်ပြီးနောက်ပိုင်း ခရီးသည်ယာဉ်တွေနဲ့ ကုန်စည်ယာဉ်တွေ လမ်းဘေးဝဲယာတလျှောက် ရပ်နားထားရတဲ့အတွက် လမ်းပိတ်ဆို့နေပါတယ်။

ဒီကနေ့မနက်ကစတင်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာ၊ ဂျက်တိုက်လေယာဉ် ၃ စီးက လေကြောင်းကနေ စောင့်ကြည့်ပျံသန်းတာတွေ လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်လာမှာကို ပြည်သူတွေ စိုးရိမ်နေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်မှာ စစ်ကောင်စီက ကော့ကရိတ်မြို့အဝင် တံတားကျိုးဂိတ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ယာဉ်ဖြတ်သန်းသွားလာမှုတွေကို ပိတ်လိုက်ပြီးနောက်ပိုင်း ကော့နွဲကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ အမြောက်တပ်နဲ့ ခလရ ၉၇ တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် မြေးအဘိုးနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့ရာ အသက် ၉ နှစ်အရွယ် မြေးဖြစ်သူ ညာဘက်မျက်နှာ လက်နက်ကြီးစ ထိမှန်ခဲ့သလို အသက် ၉၈ နှစ်အရွယ် အဘိုးဖြစ်သူဟာ လက်ဝဲဘက်ရင်ဘတ် ထိမှန်ခဲ့ပြီး စိုးရိမ်ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းလောက်က ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာအနီးက စစ်ကောင်စီ ခလရ ၂၃၁ တပ်ရင်းကို KNLA ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တဲ့အတွက် ကော့ကရိတ်မြို့အနီးတဝိုက်ကို လူအင်အားတိုးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ဖားကျကျေးရွာမှာလည်း  ဒီဇင်ဘာ ၁၈ ရက် မွန်းတည့်  ၁၂ နာရီလောက်က စစ်ကောင်စီတပ် ခလရ-၉၇ တပ်ရင်းကနေ ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွာသားတွေရဲ့ နေအိမ် ၄  လုံးပျက်စီးခဲ့ပြီး ရွာသားတွေထွက်ပြေးနေရတယ်လို့  ကေအန်ယူ ဒူးပလာယာခရိုင်က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013