Home
မြန်မာသတင်း
မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်နိုင်
DVB
·
December 20, 2022

အကျဉ်းကျခံနေရတဲ့ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကိုတိုက်တွန်းတောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်နိုင်ခြေရှိတယ်လို့  သံတမန်တွေကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဗြိတိန်ကတင်ပြလာတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စတင်ကာ ဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်။

ကနဦးဖတ်ရှုခွင့်ရတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းရဲ့ အစပိုင်းမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ချက်ချင်းရပ်တန့်ဖို့နဲ့  ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို ဖော်ပြထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီစာသားတွေကို ဖယ်ရှားလိုက်ကြတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

အခု ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ အတည်ပြုနိုင်ရေးအတွက် အနည်းဆုံး ထောက်ခံမဲ ၉ မဲ ရရှိရမှာဖြစ်ပြီး ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကလည်း ဗီတိုအာဏာသုံး ဖယ်ရှားခြင်းမရှိမှသာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် ဗက်ဆီလီ နီဗင်းဇီးယား  “ကျနော်တို့ ဆွေးနွေးနေကြပါတယ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်က မြန်မာအာဏာပိုင်တွေ လက်မခံနိုင်တာမျိုးဖြစ်နေခဲ့ရင် သူတို့က ပူးပေါင်းဆောင်ရွက်မှာမဟုတ်တာကြောင့် မြန်မာနိုင်ငံက လုပ်ငန်းစဉ်တွေအပေါ်မှာ ထိခိုက်မှာကိုလည်း စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

ဒီမူကြမ်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ရိုက်တာက မြင်တွေ့ဖတ်ရှုခွင့်ရခဲ့တဲ့ ဒီမူကြမ်းထဲမှာ အာဏာလုပြီးနောက် အခုချိန်ထိ မြန်မာစစ်တပ်က အရေးပေါ်အခြေအနေကြေညာထားဆဲ ဖြစ်နေတာနဲ့ မြန်မာစစ်တပ်ကြောင့် နိုင်ငံသားတွေ ထိခိုက်သေဆုံးရတဲ့အထိ ဆိုးရွားပြင်းထန်တဲ့အကျိုးဆက်တွေအပေါ်မှာ အလေးအနက်စိုးရိမ်မိကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

အဲဒီမူကြမ်းမှာ အာဆီယံအဖွဲ့နဲ့ ဘုံသဘောတူညီထားတဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း အချိန်မဆိုင်းခိုင်ခိုင်မာမာ လိုက်နာဆောင်ရွက်ရေး ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ထွန်းစေရေး၊ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီတဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရေးတို့ကို တိုက်တွန်းထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာလုယူခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူတွေကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးသတ်ဖြတ် ဖြိုခွင်းခဲ့တာတွေကြောင့် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေချမှတ်ဆောင်ရွက်ခြင်းကနေ တရုတ်နဲ့ ရုရှားတို့က ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားက ကွဲလွဲနေတာ ကြာခဲ့ပါပြီ။

အခုချိန်ထိ  ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအပေါ် တုံ့ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုပဲ  လုံခြုံရေးကောင်စီမှာ သဘောတူညီမှုရရှိထားသေးတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Ref- ရိုက်တာ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024