DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အထူးအစည်းအဝေးကျင်းပရန် ထိုင်းအစိုးရက စီစဉ်နေ
DVB
·
December 20, 2022
မြန်မာ့အရေး အထူးအစည်းအဝေးကျင်းပရန် ထိုင်းအစိုးရက စီစဉ်နေ
Donate to DVB

စစ်ကောင်စီခန့်ဝန်ကြီးဝဏ္ဏမောင်လွင် တက်ရောက်မယ့် မြန်မာ့အရေး အထူးအစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ ကျင်းပဖို့ ထိုင်းအစိုးရ စီစဉ်နေပြီး စိတ်ဝင်စားပါက လာရောက်ပါဝင် ဆွေးနွေးကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ကြားထားတယ်လို့ Thai PBS World သတင်းမှာ ဖော်ပြပါတယ် ။ 

NUG၊ CRPH၊ PDF နဲ့ EAO တွေကို ကူညီဖို့ အမေရိကန်က NDAA ဥပဒေကို အတည်ပြုပြီးနောက် အခုလိုအစည်းအဝေးကျင်းပဖို့ သတင်းထွက်လာတာဖြစ်ပြီး  အဲဒီအစည်းအဝေးဟာ အာဆီယံအဖွဲ့နဲ့ သက်ဆိုင်မှုမရှိသလို ဘယ်အချိန်အထိ ပြုလုပ်သွားမယ်ဆိုတာကိုလည်း သတ်မှတ်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ရှုပ်ထွေးစိတ်ပျက်စရာကောင်းတဲ့ ပြဿနာတွေရဲ့ အကျိုးဆက်ကို ခံစားနေရပြီး မြန်မာ့ပဋိပက္ခတွေကိုစိတ်ဝင်စားတဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကြား ဆွေးနွေးသွားဖို့ ထိုင်းကဦးဆောင်ပြီး ဒီအစည်းအဝေးကို  စီစဉ်တာဖြစ်တယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောကြောင်း Thai PBS သတင်းမှာ ရေးပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေက အစည်းအဝေး တက်ရောက်ကြဖို့ အတည်ပြုထားခဲ့ကြပြီး အာဆီယံအဖွဲ့ဝင် ဘယ်နှစ်နိုင်ငံပါတယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိဘူးလို့ သတင်းက ဆိုပါတယ်။ 

ကမ္ဘောဒီးယားရဲ့ အာဆီယံ ဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ယူထားရတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းကလည်း နေပြည်တော်ကို နောက်တကြိမ်သွားဖို့စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက  မြန်မာအရေးဖြေရှင်းရမယ့် တာဝန်တွေကို လက်လွှဲယူဖို့ ပြင်ဆင်နေတဲ့ အခုချိန်မှာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့နိုင်ငံတွေက ဆက်လက်ဆွေးနွေးနေဖို့ လိုတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာ့ပဋိပက္ခတွေရဲ့ ဒဏ်ကို အခံရဆုံးဖြစ်တဲ့ ထိုင်းအနေနဲ့ မြန်မာ့ပဋိပက္ခတွေပြေလည်စေရေးအတွက် စိတ်အားထက်သန်နေတာကြောင့် အခုလို အာဆီယံနဲ့ မဆိုင်တဲ့ မြန်မာ့အရေးအစည်းအဝေးတွေ စီစဉ်တာဟာ ထိုင်းအတွက် အသစ်အဆန်းတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုပြုလုပ်ဖို့ ထိုင်းက အကြံပြုတင်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ နောက်ပိုင်းမှာ မြန်မာကိုယ်စားပြုကိုယ်စားလှယ်တွေကို အစည်းအဝေးတွေမှာ မဖိတ်ကြားဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လကဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာလည်း ရှိထားခဲ့ပြီးသား အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာ ပိုမိုတင်းကျပ်တဲ့ စည်းကမ်းချက်တွေချမှတ်ပြီး စစ်ကောင်စီက ချက်ချင်း အကောင်အထည်ဖော်ဖို့ အာဆီယံက ဖိအားပေးခဲ့တယ်လို့ Thai PBS သတင်းက ရေးပါတယ်။

ထိုင်းက အခုကျင်းပသွားမယ့် အခုအစည်းအဝေးကတော့ အာဆီယံ အစည်းအဝေးမဟုတ်တာကြောင့် ၂၀၂၁ ခုနှစ် ဧပြီလမှာ ဆုံးဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့တားဆီးရေးကန့်သတ်ချက်တွေမရှိဘဲ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ပါ တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ အဓိကအဖွဲ့ဝင်ဖြစ်တာနဲ့အညီ ဒေသတွင်းမှာ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားနိုင်ရေးအတွက် ဖြစ်ပေါ်လာမယ့် ရိုက်ခတ်မှုတွေကိုလည်း ထိုင်း သတိထားကြည့်နေတယ်လို့ Thai PBS ရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာ မြန်မာ့ပဋိပက္ခတွေနဲ့ပတ်သက်လို့ အကောင်းဆုံးအဖြေရနိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေအပါအဝင် အာဆီယံမိတ်ဖက် နိုင်ငံတွေနဲ့ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ထိုင်းက ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်ပြန်လည်ဖြစ်စေရေးနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရေးအတွက် အရင်ကဆွေးနွေးခဲ့ဖူးတဲ့ နိုင်ငံတွေအားလုံးကိုလည်း အခုလာမယ့်အစည်းအဝေးမှာ ဖိတ်ကြားဖို့ ထိုင်းက စီစဉ်ထားကြောင်း Thai PBS သတင်းမှာ ဖော်ပြထားပါတယ်။

Ref- PBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013