
မကွေးတိုင်း ပခုက္ကူမြို့ ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ကျေးရွာအနီးက ယောင်းမစွန်ဆီဆိုင်အနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့ခင်း ၁ နာရီခွဲလောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး၊ ကား ၁ စီးနဲ့သေ နတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ Earthquake Peoples Defense Force က ပြောပါတယ်။
ပခုက္ကူမြို့တွင်းမှာ အစစ်ဆေးတင်းကြပ်နေတဲ့ကြားကနေ စစ်ဆေးရေးလုပ်နေတဲ့ စစ်သား ၄ ဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ၃ ဦး နေရာတင်သေဆုံးခဲ့တာလို့ သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။
"သူတို့ခါတိုင်း စစ်ဆေးတာက ၁၀ ယောက်လောက်ရှိတယ်၊ ဒီနေ့ သူတို့လာတာ ၄ ယောက်ပဲ၊ ပါလာတဲ့ သေနတ်က သုံးလက်။ ကျနော်တို့ဝင်ပစ်တော့ ၃ ယောက်က နေရာတင်သေတယ်၊ ၁ ယောက်က ကျည်တဘောက်စာလောက် ပြန်ပစ်သေးတယ်၊ သွေးအိုင်ထဲမှာ ကျန်ခဲ့တယ်။"
စစ်ကောင်စီတပ်ဆီက ကား ၁ စီး၊ (MA 3) ၁ လက်၊ အူစီ ၁ လက်၊ G3 ကျည် ၅၀၀၊ G3 ကျည်ဘောက် ၂ ခု၊ လက်ထိတ်၊ ဆက်ကြေးကောက်ခံတဲ့စာအုပ်၊ မှတ်ပုံတင်၊ ဖိ နပ်၊ ဦးထုပ်၊ ဖုန်း ၂ လုံး နဲ့ ငွေသား ၃ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့အာဏာကို မတရားအာဏာသိမ်းယူပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို Earthquake People's Defence Force အနေနဲ့ အစွမ်းကုန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း၊ အခက်အခဲကြားက ကူညီပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ကိုပိန်က ပြောပါတယ်။