
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ လိမ်ပင်ဝဲကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက် ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်က ကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၁ ဦး ထိမှန်သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
လိမ်ပင်ဝဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့ဝင်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းကို စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံရွာသား ဦးကျော်စိုး (၅၀ နှစ်) ဟာ လက်နက်ကြီး ထိမှန်သေဆုံးပြီး ဦးငွေသေး (၄၈ နှစ်) ဒဏ်ရာရရှိခဲ့သလို အိမ်မွေးတိရစ္ဆာန် နွား ၁ ကောင်၊ ဝက် ၁ ကောင်ထိမှန်ဆုံးသေခဲ့ပြီး နွား ၃ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတဦးက ”နှစ်ဖက်တိုက်ပွဲဖြစ်တော့ စစ်ကောင်စီက ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ထည့်တာ။ ၁ ယောက်သေ ၁ ယောက်ဒဏ်ရာရတယ်။ ပြီးရင် နွား ၁ ကောင် ဝက် ၁ ကောင်သေတယ်။ နွား ၃ ကောင်က ထိမှန်ဒဏ်ရာတွေရတယ်။ အခု စစ်ကောင်စီတပ်က ရွာထဲမှာရှိနေတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
နိုဝင်ဘာ ၁ လတာအတွင်း ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နယ်မြေခံ KNLA၊ KNDO ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပေါင်းအကြိမ် ၃၀ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၄၀ ဦးသေပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာအတွင်းကို ဒရုန်း နဲ့ ၇ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်မသူ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ် ၃ လုံး၊ ဆေးရုံ ၁ ရုံ ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒါအပြင် ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လေကြောင်းကနေ ၃၄ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၄ လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံ ၁ ရုံ၊ ဆေးရုံ ၁ ရုံ ထိမှန်ပျက်စီးခဲ့သလို လူနေအိမ် ၂၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။