
ရန်ကုန်မြို့၊ ပြည်လမ်းမကြီးတလျှောက်မှာ လာမယ့် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်မယ့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက အလံတွေလိုက်လံချိတ်ဆွဲထားပါတယ်။
အဲ့ဒီအလံတွေကို ရန်ကုန် ပြည်လမ်းမကြီးတလျှောက်ရှိ လမ်းအလယ်မီးတိုင်တွေမှာ နိုင်ငံတော်အလံအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုအလံတွေကို ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လွတ်လပ်ရေးနေ့အခမ်းအနားကိုလည်း ပြုလုပ်နေကျဖြစ်တဲ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပဖို့ စီစဉ်နေပြီး ကျောင်းအသီးသီးက ကျောင်းသားကျောင်းသူတွေ၊ စစ်ကောင်စီ လက်အောက်ခံ အစိုးရဝန်ထမ်းတွေနဲ့ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်ချနေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ နိုင်ငံ့အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပတာ အရင်ကထက် နည်းပါးသွားပြီး ၂၀၂၃ ခုနှစ်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့အခမ်းအနားကို လုံခြုံရေးအခြေအနေအရ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်နိုင်ခြင်းရှိ /မရှိကိုတော့ စောင့်ကြည့်ရမယ်လို့ မြို့ခံတွေက ဆိုပါတယ်။