
မကွေးတိုင်း ဂန့်ဂေါမြို့၊ အမှတ် ၁ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၁၅ ရက်က ဆိုင်ကယ်စီးနင်းလာ သူ လူငယ် တယောက်ကို စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဆေးရေးဂိတ်မှ မသင်္ကာဖွယ် ဆိုင်ကယ် တစီးကို စစ်ဆေးဖို့ တားဆီးစဉ် မောင်းနှင် ထွက်ပြေးတာကြောင့် ပစ်သတ်ခဲ့တာဖြစ်ပြီး PDF တယောက်ကို အသေဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့ပေါ်က အဒေါ်ဖြစ်သူဆီ အလည်ရောက်ရှိနေတဲ့ မတူပီမြို့နယ် တိန်စီးရွာနေ ချင်းအမျိုးသား ကိုရွှေဘိလျန်ဟာ KPK ဆီဆိုင်မှာ ဆိုင်ကယ်ဆီ သွားထည့်စဉ် အမှတ် (၁) ဂိတ်ကို အဖြတ်မှာ ပစ်သတ်ခံခဲ့ရတာလို့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ရွှေဘိလျန်ဟာ စစ်ကောင်စီတပ်ဘက်မှ စွပ်စွဲသလို PDF ရဲဘော်မဟုတ်ဘဲ သာမန် အရပ်သား ၁ ယောက်သာဖြစ်ပြီး ဗမာစကား မပြောတတ်ဘူးလို့ သိရပါတယ်။
ချင်အမျိုးသားလူငယ် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ဂန့်ဂေါနယ်တော်လှန်ရေးအင်အားစုအဖွဲ့ဝင် လူငယေတဦးက "ပြည်သူတွေအနေနဲ့ နှစ်ဖက်လုံးက စစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့အခါ စစ်ဆေးမှုတွေရှိရင် လက်ခံကြဖို့ အသိပေးချင်တယ်။ ဂိတ်တွေ ဖြတ်ရတဲ့အခါ ဖုန်းကို သေချာသန့်ရှင်းရေးလုပ်ပြီးမှ ဖြတ်ကြဖို့ကိုပဲ အသိပေးချင်တာပါ" လို့ ပြောပါတယ်။