
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားကားလမ်းနားပေါ်က ရွှေဂျုံးဂျုံးကျရွာအား ဒီဇင်ဘာ ၁၇ ရက် မနက် ၈ နာရီလောက်မှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ နေရာသုံးနေရာမှာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ပ.က.ဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒီနောက် စစ်ကောင်စီတပ်ဟာ ကားလမ်းဘေးရှိ လည်ပြင်ကျေးရွာနဲ့ မအူကုန်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“မနက် ၈ နာရီကျော်လောက်မှာ ရွှေဂျုံးဂျုံးကျ ရွာမကို မီးရှို့နေတဲ့ အချိန်ဝင်ပစ်တယ်၊ ဝင်ပစ်ပြီးတော့ မအူကုန်းဘက်ကို ပြန်တက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်တာ၊ နှစ်ယောက်တော့ မြောက်တက်သွားတယ်၊ သေတဲ့သူတွေလည်း ရှိမယ်၊ အဲမှာလည်း ထပ်ဖြစ်တယ်။ မအူကုန်းရွာကို ထပ်ရောက်လာတော့လည်း မီးထပ်ရှို့တယ်၊ အဲမှာလည်း ပြန်ပြီး ဝင်ပစ်တာတွေရှိတယ်။ တိုက်ပွဲကတော့ နားလိုက်ဖြစ်လိုက်နဲ့ ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ ညနေပိုင်း ၃ နာရီအချိန်လောက်ထိ” လို့ ပ.က.ဖ တပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ် မီးရှို့တာကြောင့် ရွှေဂျုံးဂျုံးကျရွာမက နေအိမ် ၁၂ လုံး၊ လည်ပင်နဲ့ မအူကုန်းက နေအိမ် ၆၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာနေပြည်သူတွေက နီးစပ်ရာ ကျေးတွေကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက်ကလည်း မန္တလေး-မြစ်ကြီးနားကားလမ်းမပေါ်က ညောင်ကုန်းနဲ့ ရွှေဂျုံးဂျုံးကျရွာက နေအိမ်ပေါင်း ၂၀ ကျော်ကို မီးရှို့ခဲ့သလို လွန်ခဲ့တဲ့ ရက်တွေကလည်း ထီးချိုင့်မြို့နယ်ထဲမှာ ကျေးရွာ ၂၀ က နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။