
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေး ၃ ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သံချပ်ကာ ကား ၂ စီးနဲ့ ဒီပဲယင်းအရှေ့ခြမ်း စစ်ကြောင်းထိုးကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ညောင်လှကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်ဒဏ်ရာရခဲ့တာလို့ ညောင်လှကျေးရွာဒေသခံတဦးက ပြောပါတယ်။
“ရေဦးနယ်ဘက်ကနေ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း ကျေးရွာအတွင်းဝင်ပြီး ကျနော်တို့ ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ နာလည်တဲ့သူတွေပြောတာကတော့ ၁၂၀ မမလို့ ပြောတယ်။ ၉ လုံးပစ်တဲ့ထဲက ၇ လုံးပေါက်တယ်။”
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ ကျော် အမျိုးသမီး တယောက်၊ အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက်နဲ့ ၁၆ နှစ်အရွယ် တယောက် ကျည်စမှန်ကာ ဒဏ်ရာရခဲ့ပြီး အနီးရှိ သစ်ပင်နဲ့ အိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းက ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်၊ ထီးချိုင့် နဲ့ ကသာမြို့နယ်တွေကို PDF ရှင်းလင်းတယ်ဆိုပြီး ကျေးရွာအများအပြားကို မီးရှို့နေတာလည်း ဖြစ်ပါတယ်။
အခုလက်နက်ကြီးပစ်ခံရတဲ့ ညောင်လှရွာကိုလည်း ဒီဇင်ဘာလအတွင်း ဝင်ရောက် မီးရှို့ခဲ့တာ ကြောင့် အိမ်ခြေ ၂၀၀ ကျော်၊ စပါးအပါအဝင် သီးနှံအများအပြားနဲ့ လယ်ယာသုံး ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။