
တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃ ယောက်ကို ဒီဇင်ဘာ ၁၆ ရက်မှာ ထားဝယ်ခရိုင်တရားရုံးက ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ထပ်တိုး ပြစ်ဒဏ်ချခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN က သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူးနဲ့ ကိုအောင်အောင်တို့ကို ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေထဲက ဘယ်ပုဒ်မနဲ့ အခုလို အမိန့်ချခဲ့တာလဲ ဆိုတာကိုတော့ မသိရပါဘူး။
အခုလို ထပ်တိုးပြစ်ဒဏ်ကြောင့် ကိုမြတ်ကျော်သူက ထောင်ဒဏ် ၃၆ နှစ်၊ ကိုမင်းဆက်မှူးက ၃၅ နှစ်နဲ့ ကိုအောင်အောင်ကတော့ ၁၉ နှစ် အသီးသီးကျခံကြရမှာဖြစ်ပြီး နောက်ထပ်ရင်ဆိုင်ရမယ့် အမှုတွဲတွေတော့ မရှိတော့ဘူးလို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN တာဝန်ရှိသူတဦးက ပြောပါတယ်။
ကိုမြတ်ကျော်သူနဲ့ ကိုမင်းဆက်မှူးတို့ဟာ အောက်တိုဘာ ၅ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထပ်တိုးထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခံထားရသူတွေဖြစ်ပြီး ကိုမင်းဆက်မှူးကတော့ အနည်းဆုံး ပုဒ်မ ၆ ခုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ထောင်ဒဏ်တသက်အထိ အမြင့်ဆုံးချ မှတ်ခံထားရသူ ၂ ယောက် ရှိပြီး တတိယအမြင့်ဆုံးကတော့ ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရတဲ့ ကိုရာဇာထွန်း ဖြစ်ပါတယ်။
နိုဝင်ဘာလထဲမှာ ထောင်ဒဏ် ၁၁ နှစ် အပြီးသတ်ချမှတ်ခံခဲ့ရပြီး ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမှု ၂ ခု ထပ်ဖွင့်ခဲ့ပါသေးတယ်။