DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကိုယ်စားပြုသူ ရွေးချယ်ရန် ကုလထပ်မံရွှေ့ဆိုင်း၊ နိုင်ငံနှင့်ပြည်သူ့အကျိုး ဆက်လက်ထမ်းဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
DVB
·
December 17, 2022
မြန်မာနိုင်ငံကိုယ်စားပြုသူ ရွေးချယ်ရန် ကုလထပ်မံရွှေ့ဆိုင်း၊ နိုင်ငံနှင့်ပြည်သူ့အကျိုး ဆက်လက်ထမ်းဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
Donate to DVB

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် စစ်ကောင်စီက ကိုယ်စားလှယ် တင်သွင်းထားတဲ့ကိစ္စ ဆုံးဖြတ်ချက်ချဖို့ အထွေထွေညီလာခံက ထပ်မံရွှေ့ဆိုင်းလိုက်တဲ့အတွက် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နောက်ထပ်တနှစ်  ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရရှိသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Credential Committee  (အရည်အချင်းစစ်ကော်မတီ)က နယူးယောက်စံတော်ချိန် ဒီဇင်ဘာ ၁၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အကြံပြုချက်အစီရင်ခံစာတင်သွင်းရာမှာ ကန့်ကွက်သူမရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ဘုံသဘောတူညီချက်နဲ့ ရွေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာလို့  သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ရုပ်သံကိုပြောပါတယ်။ 

“ဒီနေ့ မွန်းလွဲပိုင်းတုန်းက ကုလသမဂ္ဂ မျက်နှာစုံညီအစည်းအဝေးမှာ Credential Committee ရဲ့ အစီရင်ခံစာကို ကျနော်တို့  တူညီဆန္ဒနဲ့ပေါ့ မဲမခွဲဘဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုလိုက်တဲ့ အတွက်ကြောင့်ကျနော်တို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အနေနဲ့ မနှစ်ကလိုပဲ ကုလသမဂ္ဂအထွေထွေညီလာခံ ဒီနှစ်ဆိုရင်တော့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။”

အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံက ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့  မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာသိအောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက “အမြဲတမ်းကိုယ်စားလှယ်တယောက်အနေနဲ့ မြန်မာနိုင်ငံအကျိုး မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် မြန်မာပြည်သူတွေရဲ့အသံ၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာက သိအောင် မနှစ်ကလို့ပဲ ဒီနှစ်မှာလည်း ကုလသမဂ္ဂ မျက်နှာစာကတဆင့် နိုင်ငံတကာကိုသိရှိဖို့အတွက် ကျနော်တို့ အသံတွေကို ဆက်လက်အသိပေးသွားနိုင်မယ် ဒါကြောင့် မြန်မာနိုင်ငံ မြန်မာပြည်သူတွေ အကျိုးအတွက် အမြဲတမ်းကိုယ်စားလှယ်တယောက်အနေနဲ့ လုပ်နိုင်မယ့်အရာတွေကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီးတော့  Credential Committee ရဲ့ အစီရင်ခံစာကို တူညီဆန္ဒနဲ့ အတည်ပြုပေးတဲ့ဥစ္စာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ မြန်မာပြည်သူတွေအတွက် မြန်မာနိုင်ငံအကျိုးအတွက် ကျနော်ဆက်လက်ပြီးတော့ တာဝန်တွေကိုဆက်လက် ထမ်းဆောင်သွားဖို့ရှိပါမယ်”လို့ ပြောပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အပြင်  အာဖဂန်တာလီဘန်အစိုးရနဲ့ လစ်ဗျား စင်ပြိုင်အစိုးရတို့က ခန့်အပ်ဖို့တောင်းထားတဲ့ ကိုယ်စားလှယ်တွေကို လက်ခံရေးမခံရေး မဲခွဲဆုံးဖြတ်ဖို့ကိုလည်း ရွေ့ဆိုင်းလိုက်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ ၁၆ ရက် သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

အခုလိုအတည်ပြုလိုက်ခြင်းကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျားတို့ရဲ့ လက်ရှိကိုယ်စားလှယ်တွေကပဲ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ ပြီးဆုံးမယ့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နဂိုအတိုင်း ဆက်လက် ရှိနေကြမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လူထုရဲ့ဆန္ဒမဲနဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရဆီကနေ အဓမ္မအာဏာလုယူပြီးခဲ့တဲ့အချိန်ကနေစတင်ပြီး ကုလသမဂ္ဂမှာ သူတို့ရဲ့ ကိုယ်စားလှယ်နေရာရရှိရေးအတွက် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် ဗြိတိန်အခြေစိုက် မြန်မာ့တာဝန်ခံမှု ရှိစေရေး ပရောဂျက် အဖွဲ့ (MAP) ရဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်ကလည်း “အာဏာသိမ်းခေါင်းဆောင်က နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးအတွက်  ကြိုးစားနေတဲ့အချိန်မှာ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ အလွန်ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” လို့ အယ်လ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။

မြန်မာစစ်ကောင်စီ စေလွှတ်ထားတဲ့ ကိုယ်စားလှယ်ဆိုင်ရာကိစ္စ မဲခွဲဆုံးဖြတ်ရေးကို ၂၀၂၁ ခုနှစ် ကုလအထွေထွေညီလာခံမှာလည်း ပထမတစ်ကြိမ်  နောက်ဆုတ်ခဲ့ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီမှာ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ အပါအဝင် အဖွဲ့ဝင်   ၉ ဦး ပါဝင်တာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ  ပြည်သူသာ အဓိက၊ အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး ပြောဆိုသွားခဲ့ပါတယ်။ 

Photo-NUG

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013