
ရန်ကုန်၊ သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်မှာ ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီလောက်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဧရာဝဏ်လမ်း၊ ကွေ့မအိမ်ရာရှေ့မှာ အိမ်ရာထဲကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီးကို ဆိုင်ကယ်စီးလာသူ နှစ်ယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ အိမ်ရာမှာနေထိုင်တဲ့ ဒေသခံ တဦးက ပြောပါတယ်။
"ကွေ့မအိမ်ရာထဲကထွက်လာတဲ့ကားကိုပစ်တာ။ မိသားစုစီးလာတဲ့ကား၊ ယာဥ်မောင်းကိုပဲပစ်တာ၊ ကားပေါ်မှာ မိန်းမရော ကလေးတွေရောပါတယ်၊ မပစ်ဘူး၊ ပွဲချင်းပြီးပဲယာဥ်မောင်းကတော့။”
သေနတ်နဲ့ပစ်ခတ်ခံသူဟာ ကွေ့မအိမ်ရာမှာ နေထိုင်တဲ့ ကိုမျိုးမြင့်အောင်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
"ခေါင်းတွေ မျက်လုံးတွေထိပြီး သေသွားတယ်။ အိမ်ရာထဲမှာ နေတဲ့သူဆိုတော့ သူရဲ့အကြောင်းသိပ်မသိဘူး။ မွေးမြူရေးလုပ်တယ်ဆိုတာပဲ သိတယ်။”
အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်သူက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ လတ်တလောမသိရသေးပါဘူး။ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ဧရာဝဏ်လမ်းတလျှောက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်ကမြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၆ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၈ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ဒဏ်ရာရရှိသူ ၁၄ ဦးရှိပါတယ်။