ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီထောက်ခံသူတွေ ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် ဒေသခံရွာသား ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဆင်မဝဲချောင်းရွာက ပျူစောထီး သားအမိနဲ့ ကျွန်းကြီးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတို့ ဒီဇင်ဘာပထမပတ်အတွင်း ပစ်ခတ်ခံရပြီးနောက် ခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဒေသခံ တဦးက "တပတ်အတွင်း ပစ်ခတ်မှုရော၊ ပေါက်ကွဲမှုရော ဖြစ်တာ။ ဆင်မဝဲချောင်းက ပျူစောထီးခေါင်းဆောင်သားအမိ ပစ်ခတ်ခံရတယ်။ ကျွန်းကြီး ရာအိမ်မှူးအိမ်က ဗုံးခွဲခံရတယ်။ ဒီတခါ အဖမ်းခံရတာ အယောက် ၃၀ လောက် ရှိတယ်။ လယ်သမားတွေရော အန်အယ်လ်ဒီဝန်းရံသူတွေရော ရဲစခန်းမှာ ဖမ်းထားတာ ပြန်မလွှတ်သေးဘူး"လို့ ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်က ဆင်မဝဲချောင်းကျေးရွာ ပျူစောထီးခေါင်းဆောင်လို့ ဒေသခံတွေက ပြောတဲ့ မင်းမင်းနဲ့ သူ့ရဲ့မိခင် ပစ်ခတ်ခံခဲ့ရကာ ဒီဇင်ဘာ ၈ ရက်မှာ ကျွန်းကြီးရွာ ရာအိမ်မှူး မြင့်စိုးအိမ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အခုလို ပစ်ခတ်မှုနဲ့ ဗုံးဖောက်ခွဲမှုတွေကို မော်လမြိုင်ကျွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ Eagle Guerilla Force အဖွဲ့က လုပ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။