
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာနဲ့ ဘက်သလိန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ဒီဇင်ဘာ ၁၃ ရက်က တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေါစဲကျေးရွာထဲကို လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတယောက် ထိခိုက်သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့မှာလည်း ဘက်သလိန်ကျေးရွာအတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြောင်းလည်း ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ် သေးဆူလဲ-နန်းမယ်ခုံတစ်ကြောက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီတပ်က နေရာယူထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိပါဘူး။
နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက် အထိ ကရင်နီပြည်တွင်းက တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၁၁ ဦး ရှိနေပြီး KNDF က ၇ ဦး၊ KA က ၂ ဦး၊ DMO-PDF က ၁ ဦးနဲ့ KRU ၁ ဦး ရှိကြောင်း ကရင်နီသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။