DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုအကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၆၀၀ ကျော်ထိ ရှိလာ
DVB
·
December 16, 2022
စစ်အုပ်စုအကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၆၀၀ ကျော်ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၀၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၅၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၈၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၁၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၅၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မန္တလေးမြို့က အသက် ၇၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရွှေထူး၊ အသက် ၅၇ နှစ်အရွယ် ဦးစိန်လင်းနဲ့ အသက် ၄၀ နှစ်အရွယ် ဦးဗညားတို့ ၃ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၂ မှုစီနဲ့ ပြင်ဦးလွင်ခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ထောင်ဒဏ် ၁၇ နှစ်စီချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့၊ အနီးစခန်းရပ်ကွက် စိုက်ပျိုးရေးခြံမှာ သူတို့ ၃ ယောက်ကို ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်တုန်းက အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင်ခံခဲ့ရကာ ၈ လအကြာမှာ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာမှာ အရပ်သား ၅ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်တို့ကို ဒီဇင်ဘာ ၁၁ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူ ၂ ယောက်ကတော့ အသက် ၂၄ နှစ်အရွယ် ကိုဇော်မျိုး (ခ) ညိုလုံးနဲ့ အသက် ၃၉ နှစ်အရွယ် ကိုအောင်မင်းတာ (ခ) အောင်မေတ္တာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013