Home
မြန်မာသတင်း
နတ်မောက်၊ မင်းတပ်နှင့် ကန့်ဘလူ ဒေသတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
December 15, 2022

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၄ ယောက်သေဆုံးကာ ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဗိဿနိုး-PDF ကနေ သိရပါတယ်။

နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီကားတစီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကားကိုထိမှန်ပြီး စစ်ကောင်စီဘက်က သေဆုံးကာ ဒဏ်ရာရရှိခဲ့တာလို့ ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း-၉၀၁၊ တပ်ခွဲ-၁ ဂဠုန်စစ်ကြောင်း၊ တပ်ခွဲ-၂ ကျားသစ်နက်စစ်ကြောင်းတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗိဿနိုး-PDF ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲပြီးပြီးချင်းတော့ ကျနော်တို့က ရှောင်လိုက်တာပေါ့။ စစ်(...)တွေဘက်က ဘယ်လောက် သေတယ်ဆိုတာ မသိရဘူး။ မျက်မြင် ဒေသခံတွေ ပြောပြတာကတော့ စစ်(...) ၁၄ ယောက်လောက် သေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၄ ယောက်ကိုတော့ ဆေးရုံကို ခေါ်သွားပြီး မကွေးစစ်ဆေးရုံကို ပို့ဆောင်မယ်လို့ ခန့်မှန်းရတယ်။” လို့ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ဖက်တောရေကျေးရွာကို  အောက်တိုဘာ ၁၇ ရက်မှာ စစ်တပ်က အင်အား ၇၀ လောက်နဲ့ တပ်စွဲထားပြီး စစ်ကြောင်းစထိုးကတည်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး တောထဲတွေမှာ ဖြစ်သလို နေထိုင်ကြရကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဖက်တောရေကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“အဲဒီစစ်(...)တွေက လူမရှိတဲ့ နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တဲ့အပြင် မြို့ပေါ်ကို သယ်သွားပြီး ရောင်းစားပစ်ကြတယ်။”

ဖက်တောရေရွာနားမှာ အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခွဲလောက်ကလည်း ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်နဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး PDF ရဲဘော်တယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကာ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာတော့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက မင်းတပ်အခြေစိုက် ခမရ ၂၇၄ က ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို CDF-မင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။

မင်းတပ်မြို့နဲ့ ၅ မိုင် ၅ ဖာလုံ အကွာကို ကင်းလှည့်လာတဲ့ ခမရ ၂၇၄ က စစ်ကောင်စီတပ် အင်အား ၂၀ လောက်ကို မနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေ ၃ နာရီလောက်မှာ CDF-မင်းတပ်က အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့တာလို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိကာ အလောင်းတွေနဲ့ လူနာတွေကို ကားတွေနဲ့ လာသယ်သွားတာ မြင်တွေ့လိုက်ရတယ်လို့ ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရကြောင်း ဆိုပါတယ်။

CDF-မင်းတပ်အနေနဲ့ မင်းတပ်မြို့ပေါ်နဲ့ မြို့နားက ရွာ ၃ ရွာလောက်ကလွဲလို့ တမြို့နယ်လုံးကို နယ်မြေစိုးမိုးမှု ရယူထားပြီး လက်နက်အင်အား လူအင်အားတွေ ဖြည့်တင်းနေလို့ တိုက်ပွဲတွေ မဖော်ဆောင်သေးတာလို့ ဆလိုင်းဟာအွမ်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ လယ်လှကျေးရွာက ပျူစောထီးတွေကို ကန့်ဘလူမြေပြင်မဟာမိတ်ညီနောင်တွေက ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကန့်ဘလူမြေပြင်မဟာမိတ်ညီနောင်များမှ တာဝန်ရှိသူက  “လယ်လှမှာ အရင်ဆုံး ပျူသင်တန်းစဖွင့်တာ၊ အဲဒါ သူတို့က လယ်လှရဲ့ ကပ်လျက် ရွာတွေမှာပါ ပျူသင်တန်းဖွင့်ချင်တော့ ရွာသူရွာသားတွေကို အတင်းအကျပ်ဘုန်းကြီးကျောင်းထဲ ပိတ်ထားပြီး ဖုန်းတွေ သိမ်းပြီး လက်မှတ်ထိုးခိုင်းတာတွေလုပ်တယ်။ သက်ကြီးရွယ်အိုတွေက ကြောက်တော့ ရွာအပြင်ထွက်နေ ရတာတွေ ရှိတယ်။ အဲတာ ထွက်ပြေးတာနဲ့ ဘာနဲ့ ကျန်တဲ့လူ အယောက် ၂၀ လောက်ကို သူတို့ သင်တန်းစပေးနေတယ်။ ရွာထဲကစာသင်ကျောင်းတခုထဲမှာ။ အဲဒီ စစ်ကောင်စီတွေ ရှိနေတဲ့ ကျောင်းထဲကို ကျနော်တို့ မနေ့က သွားပြီးတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

အတင်းအကျပ်ပျူသင်တန်းတက်ဖို့ ခြိမ်းခြောက်ခံနေရတဲ့ထဲမှာ အမျိုးသမီးငယ်တွေလည်း ပါဝင်နေပြီး သင်တန်းတက်ဖို့ ငြင်းဆန်တဲ့အခါ ရိုက်နှက်တာတွေ၊ ငွေကြေးကောက်ခံတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီနဲ့ ပျူစောထီးတွေရှိတဲ့ ကျောင်းဝင်းထဲကို ၆၀ မမ ၁၅ လုံး၊ ဒရုန်း ဗုံးသီး ၂ လုံးနဲ့ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိသလို စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ အထိအခိုက်အကျအဆုံးကိုလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Kanbalu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ၊ MPF U.18 ၊ လင်းယုန်နီ၊ စွန်ရဲအဖွဲ့နဲ့ ကန့်ဘလူတောင်ခြမ်းဒေသတွင်းအဖွဲ့တွေ ပူးပေါင်ပစ်ခိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ကန့်ဘလူမြေပြင် မဟာမိတ် ညီနောင်များပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်ကလည်း ယောရွာမှာ စခန်းချပြီး ပျူသင်တန်းပေးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ လယ်လှပျူစောထီး ၆၀ ခန့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024