DVB Logo
Home
မြန်မာသတင်း
အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့သည့် Yangon Fukuyama အထည်ချုပ်စက်ရုံကို သပိတ်မှောက်မည်
DVB
·
December 15, 2022
အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့သည့် Yangon Fukuyama အထည်ချုပ်စက်ရုံကို သပိတ်မှောက်မည်
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်ရှိ Yangon Fukuyama Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံပိုင်ရှင်ရဲ့ အကြောင်းမဲ့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမား ၃၀၀ ကျော်က ဥပဒေနဲ့အညီ ရသင့်ရထိုက်တာကို မရရှိပါက ခုံကောင်စီအထိ ဆက်တက်ပြီး စက်ရုံကို သပိတ်မှောက်သွားမယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဆိုပါ အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က စက်ရုံဝန်ထမ်း ၃၀၀ ကျော်ကို ဥပဒေမဲ့ အလုပ်ဖြုတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးထံ စာတင်ပြီး ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အလုပ်ရှင်ဘက်က ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့အတွက် ခုံသမာဓိ အဆင့်ထိ အလုပ်သမားတွေက တင်ပြထားတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တဦးကပြောပါတယ်။

“ဥပဒေအရဆိုရင် နို့တစ်ပေးရမယ်။ နို့တစ်မပေးဘဲနဲ့ အလုပ်ရှင်က ဥပဒေမဲ့ အလုပ်ဖြုတ်ပစ်လို့မရဘူး။ ပြီးတော့ အလုပ်ရှင်ဘက်က သနားဂရုဏာကြေးဆိုပြီး သိန်း ၃၀ လာပေးတယ်။ ဒီသိန်း ၃၀ က အလုပ်သမား ၃၀၀ ကျော်အတွက် ဘာရမှာလဲ။ သူတို့ပေးတဲ့ သနားကရုဏာကြေးဆိုတဲ့ အသုံးအနှုန်းကိုလည်း အလုပ်သမားတွေက မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ သနားကရုဏာကြေး ဆိုတာမျိုးက သူတောင်းစားကို ပေးတာမျိုးလေ။ ဒါကြောင့် အလုပ်သမားတွေက မယူဘူးလို့ ဆုံးဖြတ်ထားကြတယ်။ ဘာကရုဏာကြေးမှ ပေးစရာ မလိုဘူး။ အလုပ်သမားမှားရင် အလုပ်သမား ခံလိုက်တယ်။ အလုပ်ရှင်ဘက်က မှားရင် အလုပ်ရှင်က ခံပါ။ အခုတော့ မြို့နယ်ဖျန်ဖြေရေးအဆင့်မှာ သုံးကြိမ်တိတိ ညှိနှိုင်းပြီးပြီ။ အဆင်မပြေလို့ ခုံသမာဓိဆီ တင်ထားတယ်။ အဲ့ဒါကလည်း ကျေနပ်တဲ့အဖြေ မရဘူးဆိုရင် ခုံကောင်စီအထိ ဆက်တက်မယ်။ ပြီးရင် စက်ရုံကိုလည်း သပိတ်မှောက်မယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးတွေ များစွာ ဆုံးရှုံးနေရတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရေးရာညွှန်ကြားမှု ဦးစီးဌာနက အမှုထမ်းတွေကလည်း အလုပ်ရှင်တွေကို ဖော်လံဖားလုပ်နေကြပြီး ဥပဒေကို မျက်ကွယ်ပြုထားတယ်လို့ အလုပ်သမား သမဂ္ဂကပြောပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးကတော့ “အဓိကပြောချင်တာ Brand တွေပေါ့။ သူတို့အပ်တဲ့ စက်ရုံပိုင်ဆိုင်တွေက အခုလိုမျိုး ကလိမ်ကကျစ်နဲ့ ကူလီကူမာ လုပ်နေကြပြီး အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နေကြတာကို ဖုံးကွယ်ပေးထားပြီး ငါတို့ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဘာဖြစ်လို့ နောက်ဆုတ်ပေးတယ်။ ဘာညာနဲ့ လူကြားကောင်းတဲ့ စကားလုံးတွေနဲ့ ပြောနေတာကို ကျနော်တို့က ကန့်ကွက်တယ်၊ ရှုတ်ချတယ်။ တကယ့် သူတို့စိတ်ရင်းစိတ်မှန်က မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေ အပေါ်မှာ ကုပ်သွေးစုပ်ပြီး ကျူးလွန်နေကြတာနော်။ ဒါကို လူသားတယောက်လိုမြင်ပြီး အလုပ်သမား အခွင့်အရေးကို ပေးမယ်ဆိုရင် ဒီလိုလုပ်နေစရာမလိုဘူး။ ဥပဒေနဲ့အညီပဲ လုပ်ရမှာပေါ့။ ပြီးတော့ စစ်ကောင်စီဘက်က အလုပ်သမားရေးရာညွှန်ကြားမှု ဦးစီးဌာနက အမှုထမ်းတွေက ဒါတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ကြဘူး။ အလုပ်ရှင်တွေဘက်က ဥပဒေမဲ့ ချိုးဖောက်နေတာကို ဘာတခုမှ မကိုင်တွယ်နိုင်ဘူး။ သူတို့က အလုပ်ရှင်ကို ဖော်လံဖားလုပ်နေကြပြီး ရသမျှကို ကြိတ်ယူနေကြတယ်” လို့ ပြောပါတယ်။

Yangon Fukuyama Apparelအထည်ချုပ်စက်ရုံဟာ ကိုယ်ပိုင် Brand နဲ့ချုပ်လုပ်နေတဲ့ စက်ရုံမဟုတ်ဘဲ မင်္ဂလာဒုံမြို့နယ်ရှိ GSL စက်ရုံက အော်ဒါတွေကိုယူပြီး ချုပ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး အခုလို အလုပ်သမားတွေအလုပ်ဖြုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013