Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် ကုန်သည် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
December 15, 2022
Kyauk Kar village
319939415_1960493514147646_7375094652065427987_n

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီးမှာရှိတဲ့ ခရုဖောင် ဒေသအခေါ် ဂျင်းခရုဖောင်မှာ ဂျင်းခရုလာဝယ်တဲ့ ကုန်သည်တဦးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီ ဂျင်းခရုဖောင် လုပ်ကိုင်နေတဲ့ ကုန်သည်သူဌေးဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့ လုပ်ပိုင်ခွင့်တွေကို သိမ်းပိုက်ထားတာရှိသလို ဒေသခံရွာသားတွေအပေါ်လည်း အနိုင်ကျင့်ပြီး လက်နက်ကိုင်ဆောင်ထားကာ တော်လှန်ရေးလုပ်နေတဲ့သူတွေကိုလည်း ရန်ရှာတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ဒေသခံတွေရဲ့ တိုင်ကြားချက်အရ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ က အဲဒီ ဂျင်းခရုဖောင်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ ဂျင်းခရုဖောင်မှာ ပစ္စည်းလာရောက်ဝယ်ယူနေတဲ့ မြိတ်မြို့က အဝယ်ဒိုင်ကုန်သည်တဦးကို စစ်ဆေးခံဖို့ ပြောပေမဲ့ ထွက်ပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ပြီး ပြန်လည်ခေါ်ယူပေမဲ့ ရေထဲကိုဆင်းပြီး ထွက်ပြေးသွားပြီး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

အဲဒီလို ဖြစ်ပွားပြီးတဲ့နောက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ လုပ်ငန်းရှင်ပိုင်ဆိုင်တဲ့ ဂျင်းခရုဖောင်သုံးခုကို မီးရှို့ဖျက်ဆီးပြီး သတိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့နယ်ထဲက ကျေးရွာတော်တော်များများမှာ ဂျင်းခရုလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြတာဖြစ်ပြီး ဂျင်းခရုလုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်အကြား မကြာခဏ ပြဿနာဖြစ်ပွားနေတဲ့အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အရင်တည်းက သတိပေးစာတွေ ထုတ်ပြန်ခဲ့တာလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024