DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသဖွံ့ဖြိုးရေး ကျပ် ၁၀ ဘီလီယံ သုံးခွင့်ပြုဟု စစ်ခေါင်းဆောင်ပြော
DVB
·
December 15, 2022
ရခိုင်ဒေသဖွံ့ဖြိုးရေး ကျပ် ၁၀ ဘီလီယံ သုံးခွင့်ပြုဟု စစ်ခေါင်းဆောင်ပြော
1 / 2
Donate to DVB

ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ် ၁၀ ဘီလီယံ ခွင့်ပြုထားကြောင်း ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရခိုင်အတွက်ပေးထားတဲ့ အဆိုပါငွေတွေဟာ ပြည်ထောင်စုကို ပြန်လည်ပေးဆပ်ဖို့မလိုဘဲ ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်ဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးထားတာလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမဲ့ ရခိုင်ဒေသဖွံဖြိုးရေးအတွက် ပေးတဲ့ ငွေကျပ် ၁၀ ဘီလီယံဟာ ဘယ်နေရာတွေမှာ အသုံးပြုထားကြောင်း ရခိုင်ပြည်သူတွေ မသိသလို ပြည်သူလူထုကို ရှင်းလင်းချပြဖို့ တာဝန်ရှိတယ်လို့ စစ်တွေမြို့နေ ရခိုင်နိုင်ငံရေးသမားတဦးက ပြောပါတယ်။

“ဒီငွေတွေက ပြည်သူတွေအတွက် ဘယ်နေရာတွေမှာ သုံးထားလဲဆိုတာ ပြည်နယ်အစိုးရက ချပြရမှာ၊ အခု ဘာလုပ်နေမှန်းလဲ မသိရဘူး။ သူတို့လုပ်နေတာကို ပြည်သူသိမှာ ကြောက်နေကြတယ်။ ပုဏ္ဏားကျွန်းမှာ ငွေကျပ်ဘီလီယံ အမြောက်အမြား အကုန်ခံပြီး စက်မူဇုန် တည်ဆောက်ခဲ့တယ်။ ဘာမှအလုပ်မဖြစ်ခဲ့ဘူး။ အခု မောင်တောမှာ ၆ ဘီလီယံ အကုန်ခံပြီး စီးပွားရေးတည်ဆောက်နေတယ်။ လမ်းတောင်သွားလာလို့ အဆင်မပြေသေးဘူး။ အကုန်လုံး အဲဒီဘဏ္ဍာငွေတွေကို စားသုံးပြီး ဝန်ကြီးတွေ ခရိုနီတွေပဲ ချမ်းသာသွားကြတယ်။ ပြည်သူတွေကတော့ အလုပ်လက်မဲ့ ဖြစ်နေကြရတယ်။”

ပုဏ္ဏားကျွန်း စက်မှုဇုန်ကို ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က စတင်အကောင်အထည်ဖော်ပြီး ကုမ္ပဏီ ၁၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ (MKSH) နဲ့ နားလည်မှုစာချွန်လွှာထိုးကာ ကျပ်သန်းပေါင်း ၇၀,၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတာပါ။

အဲဒီစက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ၊ နို့ဆီချက်စက်ရုံ၊ ဆန်ကြိတ်ဖွတ်စက်ရုံနဲ့ ရေချိုသားပေါက်စခန်းစက်ရုံ၊ အအေးခန်းစက်ရုံတို့ အပါအဝင် စက်ရုံပေါင်း ၃ဝ ကျော် ပါဝင်တည်ဆောက်မယ်လို့ ဦးသိန်းစိန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အဆိုပါစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဒုတိယအကြိမ်အဖြစ် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖို့ စီစဉ်နေပြီလို့ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၂ဝ ရက်က ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောခဲ့ပေမဲ့ ဒီနေ့အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်ဟာ ရေခံမြေခံကောင်းမွန်ပြီး သဘာဝ ပထဝီဝင်အနေအထားကြောင့် ဆန်ရေစပါး၊ သားငါးနဲ့ အဖိုးတန် သဘာဝထွက်ကုန်တွေ ထွက်ရှိတဲ့ ဒေသတခု ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာမှာ ချီးကျူးရေးသားထားပေမဲ့ ရခိုင်ပြည်နယ်မှာ စက်ရုံ၊ အလုပ်ရုံ နည်းပါးပြီး ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကာ ပြည်ပထွက်ခွာသူ များပြားနေတာပါ။

ဒေသခံတဦးက “စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေကိုသာ ဓာတ်မြေသြဇာ စျေးနှုန်းချိုသာစွာ ရောင်းပေးပါဗျာ။ အဲ့ဒီ ၁၀ ဘီလီယံကြီးက ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝ တိုးတက်ရေး လုပ်ငန်းတွေကို ကဏ္ဍအလိုက် ချမှတ်အကောင်အထည်ဖော်နေတယ်လို့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013