DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ပလက်ဝဒေသခံ ၂ ဦးကို ထောင် ၃ နှစ်စီချ
DVB
·
December 15, 2022
စစ်ကောင်စီက ပလက်ဝဒေသခံ ၂ ဦးကို ထောင် ၃ နှစ်စီချ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝဒေသခံ ညီအစ်ကိုနှစ်ယောက်ကို  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) တို့နဲ့ စစ်ကောင်စီက တရားစွဲပြီး ဒီဇင်ဘာ ၁၃ ရက်က ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ ညီအစ်ကိုနှစ်ယောက်ကတော့ အသက် ၃၀ အရွယ် ဦးစောလှနဲ့ သူ့ရဲ့ ညီဖြစ်သူ ကိုခိုင်ဆန်းဖြိုး (၂၅ နှစ်) တို့ပါတယ်။

မိသားစုဝင်တဦးက “ကိုခိုင်ဆန်းဖြိုးကို မနေ့က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တရားရုံးက ထောင် ၃ နှစ် အမိန့်ချမှတ်လိုက်တာဗျ။ သူ့အစ်ကို ဦးစောလှကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့က အမိန့်ချတာ။ ၂ ယောက်စလုံး ထောင်ဒဏ် ၃ နှစ်စီ အချခံရတာ။ သူတို့ ၂ ဦးလုံးကို စစ်တွေထောင်ကို မနေ့ကတည်းက ခေါ်ဆောင်သွားကြပြီ” လို့ ပြောပါတယ်။

သူတို့ညီအစ်ကိုနှစ်ယောက်ကို  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့နေအိမ်ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က တရားလိုပြု အမှုဖွင့်လှစ်ကာ နှစ်လခန့်အကြာမှာ အခုလို ထောင်ဒဏ် အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီညီအစ်ကိုနှစ်ယောက်ဟာ ပန်းရံလုပ်ပြီး မိသားစုတွေကို ကျွေးမွေးနေကြရသူတွေဖြစ်ကာ အစ်ကိုဖြစ်သူ ဦးစောလှမှာ ၇ နှစ်အရွယ်နဲ့ ၉ လသားအရွယ် သမီးငယ်နှစ်ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မရှိဆင်းရဲလို့ ရိုးရိုးသားသား ပန်းရံလုပ်စားနေကြသူတွေက နိုင်ငံတော်ဆူပူအောင် ဘာတွေလုပ်နိုင်ပါ့မလဲဗျာ။ ဘာအပြစ်မှမရှိဘဲ ထောင် ၃ နှစ်အထိ ချလိုက်တာတော့ လုံးဝမတရားပါဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း အဘောင်သားကျေးရွာမှ ဦးချစ်စံကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅ (က)နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့သလို နိုဝင်ဘာ ၂၁ ရက်ကလည်း ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဆယ်အိမ်မှူး ဦးမောင်မဲကျော့နဲ့ ရာအိမ်မှူး ဦးမောင်ဝင်းတို့ နှစ်ဦးကို အဲဒီဥပဒေပုဒ်မတွေနဲ့ ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က နှစ်ဖက်နားလည်မှုနဲ့ ယာယီအပစ်ရပ်နားထားကြပေမယ့် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်မြို့နယ်တွေအားလုံးမှာ ဒေသခံတွေကို အေအေနဲ့ ဆက်သွယ်မှုနဲ့ စွပ်စွဲပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲ ထောင်ချနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013