
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း၊ နန်းချောင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် လူနေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး စိတ်ဝေဒနာသည် ဒေသခံအမျိုးသားတဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၇၀ လောက်ဟာ ဒီဇင်ဘာ ၁၂ ရက် မနက်က နန်းချောင်းရွာကို ဆည်တော်ဦး၊ ကျောင်းတိုက်ရွာတို့မှတဆင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည့်စုံသောသတင်းကောင်းအသင်းတော် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ် ၁၉ လုံး၊ စပါးကျီ ၃ လုံး၊ ဒီဇင်ဘာ ၁၃ ရက်မှာ နေအိမ် ၄ လုံး စုစုပေါင်း ၂၆ လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။
ဒါ့အပြင် အသက် ၄၉ နှစ်အရွယ် စိတ်ဝေဒနာသည် ဗျက်ဇလျန်ကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူ(မီးရှို့သတ်ဖြတ်ခံရသူ)က ကြောက်စရာမှန်းလည်း မသိ၊ ပျော်စရာမှန်းလည်း မသိ၊ ကျပ်မပြည့်ဘူး ဆိုတော့လေ သိတဲ့အတိုင်းပဲ၊ သူများပြေးရင်လည်း မပြေးဘူး၊ အဲဒီလိုပဲ ရွာမှာ ကျန်ခဲ့တာ။ ရင်နာရတယ်၊ ဘာဆိုဘာမှ သိတဲ့သူမဟုတ်ဘူး။ ကျနော်တို့လည်း ရွာထဲ မနေရဲတော့ မမြင်ရဘူး။ မီးရှို့သတ်တာလား၊ အရင်သတ်ပြီးမှ မီးရှို့တာလားဆိုတာ သေချာမသိဘူး။”
စိတ်ရောဂါဝေဒနာသည် ကိုဗျက်ဇလျန်ဟာ စကားလည်း မပြောတတ်ကြောင်း၊ ရွာတွင်း လည်ပတ်နေတတ်သူဖြစ်ပြီး စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးကြရစဉ် ထွက်မပြေးနိုင်တဲ့ တခြားရွာခံတွေနဲ့အတူ ကျန်ခဲ့ပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မော်တော်ယာဉ် ၈ စီးနဲ့ ရွာရှိ ပစ္စည်းတွေနဲ့ ဆန်အိတ်တွေကိုလည်း သယ်သွားသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရွာတွင်း ၂ ရက်တာ ဝင်ရောက်ခဲ့ပြီး သတ်ဖြတ်၊ မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် ရွာစာသင်ကျောင်းခြံစည်းရိုးမှာလည်း “PDF အလိုမရှိ” ဆိုပြီး ရေးသွားသေးတယ်လို့ ဆိုပါတယ်။
နန်းချောင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဒီဇင်ဘာ ၁၃ ရက် ညနေ ရွာမှထွက်ခွာသွားကြပြီး ဆည်တော်ဦးရွာ စာသင်ကျောင်းမှာ ပြန်လည်တပ်စွဲထားကာ စာသင်ကျောင်းကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ နန်းချောင်းကျေးရွာမှာ လူနေအိမ် ၁၉၀ ဝန်းကျင်ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း နတ်ချောင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်က စိတ်ရောဂါဝေဒနာသည် ကိုမင်းဒင်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။