DVB Logo
Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၅၉၀ ခန့် ရှိလာ
DVB
·
December 15, 2022
စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၅၉၀ ခန့် ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း  ၂ နှစ်နီးပါးအကြာမှာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၈၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၅၅ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၈၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၁၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ပဲခူးတိုင်း၊ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပြည်ထောင်တွင်းတရားရုံးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ထောင် ဒဏ် ၂ နှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ၂ မှုအတွက် ထောင်ဒဏ် ၆ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဦးကျော်ဇေယျဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖမ်းဆီးခံခဲ့ရပြီး အရင်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် LGBT အရေးတက်ကြွလှုပ်ရှားသူ Transwoman တယောက်ဖြစ်တဲ့ စူးရှရှင်းသန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ်နှစ် ၂၀ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ထောင်ဒဏ် ၂၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ စူးရှရှင်းသန့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက် မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး အခုနှစ်အစောပိုင်းတုန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013