DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် ကလေးပြည်သူ ၅ ဦး ဒဏ်ရာရ၊ မော်လိုက်မြို့က နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
DVB
·
December 14, 2022
စစ်တပ်လက်နက်ကြီးကြောင့် ကလေးပြည်သူ ၅ ဦး ဒဏ်ရာရ၊ မော်လိုက်မြို့က နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ Blessing ဘော်ဒါဆောင်အနီးမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနေ့ညနေ ၆ နာရီလောက်က တောင်ဖီလာတောင်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ဒဏ်ရာရတာက ၅ ယောက်ပါ။ ၂ ယောက်ကတော့ အနည်းငယ်ပဲ ဒဏ်ရာရတာ။‌ ၃‌ ယောက်ကတော့ တပ်ဆေးရုံမှာ တက်နေရတယ်။ လက်နက်ကြီးက မီးကြိုးလည်း ထိမှန်သွားသေးတယ်။ ဒါကြောင့် မီးလည်းပျက်နေတယ်” လို့ ပြောပါတယ်။

ကလေးမြို့ ကုတင် ၁၀၀ ဆန့် တပ်မတော်စစ်ဆေးရုံမှာ ကုသနေတဲ့ ၃ ဦးကတော့ ခြေထောက်နဲ့ လက်တွေမှာ အများဆုံး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်တရားဟောဆရာတယောက်ကတော့ စိုးရိမ်နေရတယ်လို့ ‌ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်တဲ့ အမျိုးသား ၅ ဦးအနက် ၃ ဦးမှာ ဆယ်ကျော်သက်အရွယ် လူငယ်ပိုင်း‌တွေဖြစ်ကြပြီး ကျန် ၂ ဦးကတော့ သက်ကြီးပိုင်း‌တွေ ဖြစ်ကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က အဲ့ဒီသဇင်ရပ်ကွက်ရှိ BMB KTV နဲ့ အနှိပ်ခန်းမှာ စစ်ကောင်စီတပ်ကြပ် အပါအဝင် စစ်ကောင်စီဒေါက်တိုင် Non CDM ဝန်ထမ်း ၃ ဦးကို ကလေး PDF က ဖမ်းဆီးခဲ့ပါတယ်။

တောင်ဖီလာတောင်ပေါ်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့တွင်းက တာဟန်းရပ်ကွက်၊ စက္ကန့်ရွာနဲ့ မြို့လှကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိသလို လက်နက်ကြီးထိမှန်တာကြောင့် အရပ်သား‌ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေလည်း ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဝဲကသာရွာကိုလည်း ဒီဇင်ဘာ ၁၃ ရက် ည‌နေ ၅ နာရီလောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းတွေ ခိုးဝှက်ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စ(--) နဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ပစ်ပြီး ရွာထဲကို ဝင်စီးတာပဲ။ ပြည်သူပိုင် နေအိမ်တွေလည်း မီးရှို့ ဖျက်ဆီးခံရတယ်။ အိမ်ဘယ်နှလုံး မီး‌လောင်သွားတယ်ဆိုတာ မသိရသေးဘူး။ အိမ်ခြေ ၁၀၀ ကျော် ၂၀၀ နီးပါးရှိပြီး လူဦးရေကတော့ မခန့်မှန်းတတ်ဘူး။ နီးစပ်ရာရွာနဲ့ တောထဲတွေ တိမ်းရှောင်နေကြရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကတော့ မသိရသေးဘူးဗျ။ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းပဲ ကျန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လူထိခိုက်သေဆုံးတာနဲ့ မီးလောင်ပျက်စီးမှု စာရင်းကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မော်လိုက်မြို့နယ်အတွင်း စစ်ကြောင်းခွဲပြီး ရွာတွေထဲကို ဝင်ရောက်စီးနင်းကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ရှာတယ်ဆိုပြီး ပြည်သူတွေအား ဖမ်းဆီးသတ်ဖြတ်တာ နေအိမ်တွေထဲက တန်ဖိုးရှိပစ္စည်းတွေကို လုယက်ယူကြတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013