DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုမီးရှို့မှုကြောင့် ပြည်သူလူထုနေအိမ် ၂၇,၅၀၀ ခန့် ပျက်စီးဆုံးရှုံး
DVB
·
December 14, 2022
စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုမီးရှို့မှုကြောင့် ပြည်သူလူထုနေအိမ် ၂၇,၅၀၀ ခန့် ပျက်စီးဆုံးရှုံး
Donate to DVB

စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ခွဲကျော်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့တွေက အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့လို့ ပျက်စီးသွားတဲ့ ပြည်သူလူထု နေအိမ်ပေါင်း ခန့်မှန်းခြေ ၂၇,၅၀၀ လုံးလောက်ထိရှိပြီလို့  Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတဲ့ အဲဒီလိုဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ နေရာပေါင်း ၂၉၆ နေရာလောက်မှာ ဖြစ်ပွားခဲ့ပြီး Data for Myanmar အဖွဲ့က မြေပုံ၊ ဂရပ်တွေနဲ့တကွ ယှဉ်တွဲဖော်ပြထားကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၂၇,၄၉၆ လုံးနဲ့ အများဆုံးဖြစ်ပြီး သူ့နောက် မှာ မကွေးတိုင်းက ၇,၈၁၈ လုံး၊ ချင်းပြည်နယ်က ၁,၄၇၅ လုံးစီနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ၊ မေ၊ ဇွန်နဲ့ အောက်တိုဘာ ၄ လဟာ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပြီး အဲဒီ ၄ လအတွင်း နေအိမ်ပေါင်း ၁၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပျက်စီးမှုအများဆုံး ၄ မြို့နယ်ကတော့ ပုလဲ၊ ခင်ဦး၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်တွေဖြစ်ကြပြီး တမြို့နယ်စီမှာ နေအိမ်ပေါင်း ၂,၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ မြို့နယ် ပေါင်း ၃၇ မြို့နယ်ထဲက ၃၂ မြို့နယ်မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာလို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

ကျန် ၅ မြို့နယ်ဖြစ်တဲ့ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တွေမှာတော့ အလားတူဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ကြောင်း သတင်းတွေမှာ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

Data for Myanmar အဖွဲ့အနေနဲ့ သတင်းဌာနတခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ပြီး စိစစ်ထားသလို ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပြီး မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာမို့ မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၂,၅၈၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၅၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013