
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင် မဟာချိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၁ ဦးဟာ လုပ်ငန်းခွင်ထဲမှာ မတော်တဆ ထိခိုက်မှုဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ ဆုံးရှုံးခဲ့ကာ နစ်နာကြေးအနေနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဘတ် ၃၄၀,၀၀၀ နီးပါး ပြန်ရခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ မဟာချိုင်မြို့ ကထုန့်ဘဲန်ရပ်ကွက်ရှိ သံထည်ပစ္စည်းစက်ရုံတရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လကျော်က အလုပ်လုပ်နေစဉ် စက်ချို့ယွင်းမှုဖြစ်ကာ လက်ချောင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရလို့ နစ်နာကြေးတွေရရှိဖို့ အကူအညီ တောင်းလာတဲ့အတွက် လိုက်လံဆောင်ရွက်ပေးခဲ့တယ်လို့ MWRN ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ တာဝန်ရှိသူ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
“သူ့ကို ကူညီပေးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ စစ်ဆေးတဲ့အခါမှာ အလုပ်ရှင်က လူမှုဖူလုံရေးရန်ပုံငွေ အဖွဲ့ဝင်လုပ်ပေးဖို့ ပျက်ကွက်နေတာကို တွေ့ရပါတယ်ခင်ဗျ။ အလုပ်သမား ကာကွယ်ရေးဥပဒေအရ လုပ်ငန်းခွင်ဝင်တာနဲ့ ပကန်ဆန်ခုံးလို့ခေါ်တဲ့ လူမှုဖူလုံရေးရန်ပုံငွေအဖွဲ့ထဲ ဝင်ရပါမယ်။ ဒါမှ ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရမှာဖြစ်တယ်။ အလုပ်ရှင်က လုပ်မပေးတော့ အလုပ်သမားလည်း ဘာမှမတတ်နိုင်ဘူးပေါ့။ ဒါကြောင့် ကျနော်တို့က အလုပ်သမားကာကွယ်ရေးရုံးကို သွားတိုင်တဲ့အခါ သက်ဆိုင်ရာက အလုပ်ရှင်ကို ခေါ်ယူစစ်ဆေးပါတယ်။ ပြီးတော့ သူ့ကို အလုပ်သမားအတွက် လူမှုဖူလုံရေး ရန်ပုံငွေ နောက်ကြောင်းပြန်တွက်ပြီး အကုန်ပြန်သွင်းရင် အစိုးရရန်ပုံငွေနဲ့ ထိခိုက်မှု လျော်ကြေးပေးမယ်ပေါ့။ အဲလိုမှမသွင်းနိုင်ရင်လည်း အလုပ်သမား ရသင့်ရထိုက်တဲ့ နစ်နာကြေးအားလုံး သူ့အနေနဲ့ လုံးဝတာဝန်ယူရမယ်ပေါ့။ အဲဒါနဲ့ အလုပ်ရှင်က နောက်ကြောင်းပြန် ငွေပြန်သွင်းပြီး အစိုးရရန်ပုံငွေကနေ ဘတ် ၃၃၉,၉၃၅ ရခဲ့ပါတယ်ခင်ဗျ”
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတိုင်းကို အစိုးရက လူမှုဖူလုံကြေးရန်ပုံငွေအဖွဲ့ထဲဝင်ဖို့ ညွှန်ကြားထားပါတယ်။ အလုပ်သမားတွေဟာ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုဖြစ်တာ၊ အလုပ်ပြုတ်တာ၊ မီးဖွားတာ၊ နာမကျန်းဖြစ်တာ၊ သေဆုံးတာတွေရှိလာရင် ရန်ပုံငွေကနေ ထောက်ပံ့ကြေးတွေ ရရှိမှာဖြစ်ပါတယ်။
လုပ်ငန်းခွင်ထိခိုက်မှုမှာလည်း ခန္ဓာဆုံးရှုံးမှု အခြေအနေပေါ်လိုက်ပြီး နစ်နာကြေး အနည်းအများ ရရှိပါတယ်။ အဆိုပါအလုပ်သမဟာ ဘယ်ဘက်လက်ချောင်း ၄ ချောင်းလုံး ဖြတ်လိုက်ရတာကြောင့် သတ်မှတ်ချက်အရ ဘတ် ၃၄၀,၀၀၀ နီးပါး ရခဲ့တာဖြစ်ပါတယ်။
အဆိုပါရန်ပုံငွေမှာ အလုပ်ရှင်က လုပ်အားခရဲ့ ၅ ရာခိုင်နှုန်း၊ အလုပ်သမားက ၅ ရာခိုင်နှုန်း၊ အစိုးရက ၂ ဒသမ ၅ ရာခိုင်နှုန်း လစဉ်ထည့်ဝင်ရပါတယ်။ အဆိုပါအလုပ်သမားဟာ စက်ရုံမှာ ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့အတွက် အလုပ်ရှင်က ၁၀ နှစ်ကျော်အတွက် ရန်ပုံငွေ ပြန်သွင်းပေးခဲ့ရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လူတိုင်း လူမှုဖူလုံရေးကတ် လုပ်ထားဖို့ တိုက်တွန်းပြီး လုပ်ငန်းခွင်အသီးသီးမှာလည်း ထိခိုက်ဒဏ်ရာရမှုမရှိအောင် သတိထားလုပ်ကိုင်ကြဖို့ ဦးအောင်ကျော်က တိုက်တွန်းသွားပါတယ်။