DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ပုလောမြို့၌ စစ်တပ်က စာလိုက်ကပ် လုံခြုံရေးတင်းကျပ်
DVB
·
December 14, 2022
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ပုလောမြို့၌ စစ်တပ်က စာလိုက်ကပ် လုံခြုံရေးတင်းကျပ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက Dawei Defense Team (DTT) နဲ့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထားဝယ်အရှေ့တောဒေသက ကျေးရွာတွေမှာ နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူပြီး ထားဝယ်မြို့နယ်၊ ဥယျာဉ်ကြီးရွာဘက်ကို ပြန်ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို  အညာဖျားရွာ သုသာန်အနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းနေရာ ၅ ခုနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားပေမဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာသားတွေကို ဖမ်းခေါ်လာပြီး လူသားဒိုင်းလုပ်ထားတာကြောင့် မိုင်း ၂ နေရာသာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၁၃ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က နယ်မြေရှင်လင်းရေး ပြုလုပ်ရာမှာ စစ်ကောင်စီလက်အောက်ခံ ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ် ကြည်းတပ်တံဆိပ်ပါ ဝတ်စုံတစုံနဲ့ ကျည်ခွံတချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ညပိုင်းအထိ လက်နက်ငယ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတချို့ ကြားနေရသေးတယ်လို့ ဥယျာဉ်ကြီးရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၅ ရက်ကလည်း ထားဝယ်မြို့နယ်၊ ဝကုန်းရွာမှာ လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ လက်နက်သိမ်းဆည်းရာ နေရာတခုကို တွေ့ရှိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းသွားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်ကလည်း အညာဖျားရွာနဲ့ ၈ မိုင်ရွာအကြားမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို DDT အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅ ဦးသေခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့အပတ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က နံရံကပ်စာတွေ လိုက်လံကပ်ပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။

မြို့ပေါ်နေ ဒေသခံတဦးက “စစ်ကောင်စီက စာကပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက သူတို့ရဲ့စာတွေကို ဘယ်သူတွေမှ အ‌ရေးမလုပ်ကြဘူး။ စိုးရိမ်တာကကျတော့ မြို့ပေါ်မှာ ပစ်ခတ်မှုတွေထပ်ဖြစ်ရင် ဒေသခံတွေထိမှာ စိုးရိမ်ရတယ်။ စကစတွေကနေ ရမ်းသန်းပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးတာတွေကို စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်‌ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ ပုလောမြို့၊ မြို့နယ်ခန်းမကို တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က ပုလောမြို့နဲ့ ပလမြို့ပေါ်မှာ နေ့တိုင်း ကင်းလှည့်တာတွေနဲ့ ကင်းပုန်းဝပ် အမြဲလှုပ်ရှားနေတယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စကစဘက်ကထုတ်တဲ့စာရဲ့ အဓိပ္ပါယ်က ပြည်သူအားလုံး (ကျောင်းတက်နေတဲ့ကလေး မိဘတွေအပါအဝင်) ကို ‌ကြောက်အောင် ခြိမ်းခြောက်လိုက်တာလို့ မြင်တယ်။ တိုက်ပွဲဖြစ်တဲ့နေ့တွေဆို တချို့မိဘတွေက တပတ်လောက်အထိ ကလေး ကျောင်းမပို့ကြတော့ဘူး။ အခြေအနေ‌ကောင်းမှ ကျောင်းပြန်ပို့ကြတာ။ ကျောင်းမှာ ကျောင်းသားမရှိတော့ ဘယ်အခြေအနေ ဖြစ်‌နေပါစေ ကျောင်းပို့ရမယ်လို့ စကစတွေက ဖိအားပေး ခြိမ်းခြောက်လိုက်တာ” လို့ ပြောပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ၊ ဂိတ်တွေနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို ဒီဇင်ဘာလအတွင်း‌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုဝင်ဘာလအထိ ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲပေါင်း ၅၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013