DVB Logo
Home
မြန်မာသတင်း
စစ်ပွဲတွေ၊ ကျည်ဆန်တွေ၊ ဗုံးကြဲသံတွေကြားက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခရစ္စမတ်ပွဲ
DVB
·
December 14, 2022
စစ်ပွဲတွေ၊ ကျည်ဆန်တွေ၊ ဗုံးကြဲသံတွေကြားက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခရစ္စမတ်ပွဲ
1 / 12
Donate to DVB

ဒီဇင်ဘာလဟာ ခရစ်တော်ဖွားမြင်ရာလဖြစ်လို့ ခရစ္စမတ်ပွဲတော်တွေကျင်းပ  ပျော်ရွှင်ရမယ့် အချိန်ဖြစ်ပေမဲ့ မြန်မာနိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်လက်အောက်မှာ ရင်ဆိုင်နေရတဲ့ စစ်ဘေးစစ်ဒဏ်တွေကြောင့် ပျော်ပွဲရွှင်ပွဲတွေမကျင်ပနိုင်တော့သလို နေ့စဉ် လက်နက်ကြီး လက်နက်ငယ်သံ၊ လေယာဉ်ဗုံးကြဲသံ၊ တိုက်ပွဲသံကြားမှာ တိုင်းရင်းသား ပြည်သူတွေဟာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီဒေသတွေမှာ  ခရစ္စမတ်ပွဲကျင်းပဖို့ထက် အသက်ဘေးနဲ့ရင်ဆိုင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့နဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ပေးနိုင်ဖို့  အရေးတကြီးလိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်ဘေးရှောင် ၂ သိန်းလောက်ရှိပြီး နေ့စဉ် ဒီစစ်ဘေးရှောင်တွေဟာ လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်သံတွေကြောင့် ဗုံးခိုကျင်းထဲကနေ ဆုတောင်းနေကြတဲ့အခြေအနေတွေနဲ့ လပေါင်းများစွာ ရင်ဆိုင်နေကြရပါတယ်။

ဒီလိုအခြေအနေတွေ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ ခေတ္တပျော်ရွှင်ရစေဖို့ရည်ရွယ်ပြီး ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ကနေပြီး  ဒီဇင်ဘာလ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ပြီး ပျော်ရွှင်ပွဲလေးတွေ ပြုလုပ်ပေးနေပါတယ်။ 

ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်တာဝန်ခံက   “အဓိက ကျနော်တို့ ကလေးတွေအတွက်ပေါ့နော်။ ကလေးတွေက အမြဲတမ်းအဲလို ကျောင်းသားတက်နေတာ လက်နက်ကြီးသံတွေဘာတွေကြားပြီဆိုရင် ပုန်းနေကြရတယ်။ သူတို့အတွက် ပျော်ရွှင်တဲ့အချိန်ဆို တာ ရှားတယ်ပေါ့နော်။ ရှားတော့ ဒီခရစ္စမတ်မှာ သူတို့လည်း နာရီဝက်လောက်ပဲဖြစ်ဖြစ် ခဏတာလေး ပြုံးနိုင်အောင်အစီစဉ်တွေလုပ်ပေးတယ်။ ပြီးရင် သူတို့ကို ခရစ္စမတ်လက်အောင်လေးတွေ ပေးတယ်။ တချို့ စိတ်ဒဏ်ရာ အရမ်းရသူတွေရှိတယ်။ အဲလိုလူတွေကို ကျနော်တို့စကားပြောခိုင်းတယ်။ အပြန်အလှန်အားပေးကြတာပေါ့။” လို့ ပြောပါတယ်။

ခရစ္စမတ်အထိမ်းအမှတ်အနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဂိမ်းစ်အမျိုးမျိုးကစားပေးတာ၊ သီချင်းဆိုပြိုင်ပွဲများပြုလုပ်ပေးတာ၊ စိတ်ရွှင်လန်းစေတဲ့ပြိုင်ပွဲလေးတွေ ကစားပေးပြီး အနိုင်ရသူကို ဆုချီးမြင့်ပေးတာ၊ ခရစ္စမတ်သီချင်းတွေ တူတူသံပြိုင်သီဆိုပေးပြီး အကပဒေသာတွေနဲ့ အတူတူ သီဆိုဖျော်ဖြေပေးတာအပြင်   စိတ်ဓာတ်ခွန်အားပေးစကားတွေပြောဆိုပြီး  ကလေးငယ်တွေနဲ့ ကလေးငယ်မိဘတွေအတွက် လက်ဆောင်ပစ္စည်းအနွေးထည်တွေ မုန့်အချိုရည်တွေဝေပေးတာ စတဲ့ အစီအစဉ်တွေကို အလှူရှင်တွေရဲ့ ပံ့ပို့မှုနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေကြောင့် ကရင်နီဒေသမှာ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၂၀ ကျော် ပျက်စီးခဲ့ရပါတယ်။

ပျက်စီးသွားတဲ့ဘုရားကျောင်းတွေမှာ ဝတ်ပြုကိုးကွယ်မှုတွေမလုပ်ရပေမယ့် စစ်ရှောင်တွေ ရှိနေတဲ့စခန်းတွေမှာ ယာယီစုးရုံးရာနေရာလုပ်ပြီး ဝတ်ပြုကိုးကွယ်ခြင်းတွေကို ပြုလုပ်ကြတယ်လို့လည်း ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်တာဝန်ခံက ပြောပါတယ်။

အရင်က ခရစ္စမတ်ပွဲကို  လွတ်လပ်ပျော်ရွှင်စုရုံးကျင်းပကြပေမဲ့ အခုမှာတော့ ဒီလိုခဏတာ ပျော်ရွှင်ဖို့အတွက် နေ့ခင်းပိုင်းမှာသာ ပြုလုပ်ကြပြီး ညပိုင်းတွေမှာတော့ မကျင်းပရဲတဲ့ အခြေအနေဖြစ်နေတယ်လို့လည်းဆိုပါတယ်။

“အရင်တုန်းက ကိုယ့်အိမ်ကနေပြီးတော့ ကိုယ်နိုင်သလောက် ဘုရားကျောင်းမှာ လူစုကြတယ်။ အတူတူ ပျော်ရွှင်ကြတာပေါ့နော်။ အခုက ပျော်ရွှင်ဖို့ နေနေသာသာ အခုကျနော်တို့ ခရစ္စမတ်ပွဲလုပ်နေရင်းနဲ့ လေယာဉ်သံကြားရင် ကျနော်တို့ ပြန်ပုန်းနေရတာပေါ့နော်။ စိတ်ချောက်ချားမှုကခရစ္စမတ်နဲ့ကို မတူဘူး။ လေယာဉ်သံမကြားရင်တော့ နေ့တပိုင်းလောက်လေးတော့ ပျော်ရတာပေါ့။ ဒါပေမဲ့ ညဆိုရင်တော့ ကျနော်တို့အတွက်က အဆင်မပြေဘူး။ ညမှာ မီးပုံတွေဘာတွေပုံဆိုရင်လည်း အဲဒီမီးကြောင့် စစ်ကောင်စီက လာမလားဆိုပြီး  ကျနော်တို့မီးပုံပွဲတွေဘာတွေ မလုပ်ဖြစ်ဘူးပေါ့နော်။”   

ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ကချင်ပြည်နယ်မှာလည်း  စစ်ရှောင်ပြည်သူ အများစုဟာ အခုလိုမျိုး ခရစ္စမတ်ကာလကို စစ်ရှောင်စခန်းထဲမှာ နေထိုင်ရင်း ဖြတ်သန်းလာတာ ဆယ်စုနှစ်တခုကျော်ရှိလာပြီး ဒီနေ့အချိန်ထိလည်း အိမ်ပြန်နိုင်သေးတဲ့အခြေအနေ ဖြစ်ပါနေပါတယ်။

ကရင်ပြည်နယ်မှာလည်း စစ်ပွဲတွေကြောင့် ဒေသခံတွေ တောတောင်ထဲထွက်ပြေးတိမ်းရှောင် နေကြရပြီး ခရစ္စမတ်ပွဲတော် ကျင်းပရေး အလှမ်းဝေးနေကြရပါတယ်။

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကတော့ ခရစ္စမတ်ပွဲတော်ရက်နဲ့ နှစ်ကူးပွဲရက်တွေမှာ လူစုလူဝေးနဲ့ ပွဲတော်တွေမကျင်းပကြဖို့  ညွှန်ကြား ထုတ်ပြန်ထားပါတယ်။

မန္တလေးကက်လသစ် ဂိုဏ်းချုပ်သာသနာရဲ့ အစိတ်အပိုင်းတချို့ဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အတွင်းက ကက်သလစ်ဘာသာဝင်ဓမ္မမိတ်ဆွေတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာထောက်ထား မျှဝေခံစားသောအားဖြင့် ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့ မှာကြားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအကြမ်းဖက်တပ်တွေကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အတူ ခရစ္စမတ် ကိတ်မုန့် အတူခွဲခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ ဇာတိမြေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မုံလှရွာပါမချန် ခရစ်ယာန် ပြည်သူတွေရဲ့ အိမ်ခြေရာပေါင်း များစွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

အခုလိုဒီဇင်ဘာလရောက်တိုင်း ခရစ်တော်မွေးဖွားတဲ့ ခရစ္စမတ်ကာလအဖြစ် ကမ္ဘာတဝန်းမှာ  ခရစ်တော်မွေးနေ့ကို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ကျင်းပလေ့ရှိနေပေမဲ့ မြန်မာနိုင်ငံမှာတော့  စစ်အာဏာသိမ်းပြီးနောက် ခရစ္စမတ်ပွဲတွေကို စည်စည်ကားကား၊  ကျယ်ကျယ် ပြန့်န်ပြန့်  မကျင်းပနိုင်ကြတော့ပါဘူး။

ကိုဗစ်ကာလ ကန့်သတ်ချက်တွေနဲ့တဆက်ထဲ စစ်အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံ တဝန်းလုံး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံဟာ သက်ဆိုင်ရာ ဘာသာရေးပွဲတော်တွေ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အထိမ်းအမှတ် ပျော်ရွှင်ဖွယ်နေ့တွေ ပျောက်ဆုံးလို့ ပူပင်သောကစိတ်တွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အစားရေစာ ခေါင်းပါးလာမှုစတဲ့ ငြီးထွားသံတွေနဲ့ အတူဖြတ်သန်းလာခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို စစ်ရှောင်ပြည်သူတွေက ကိုယ့်နေရပ်ပြန်ပြီးမိမိတို့ရဲ့ နေရပ်ဒေသ ကျေးရွာတွေမှာ မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ နွေးနွေးထွေးထွေး ကျင်းပချင်ပေမဲ့ လက်ရှိအခြေအနေမှာတော့ နေရပ်ပြန်နိုင်ဖို့  အိပ်မက်တွေက အလှမ်းဝေးနေဆဲပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013