DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က TNLA ရှိရာ မိုးမိတ်ဒေသသို့ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်
DVB
·
December 14, 2022
စစ်ကောင်စီတပ်က TNLA ရှိရာ မိုးမိတ်ဒေသသို့ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား ၅ ရက်ကျော်တိုက်ပွဲဖြစ်ပြီး လတ်တလော မြေပြင်မှာ တိုက်ပွဲငြိမ်နေပေမယ့် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုရှိနေဆဲပဲလို့ သိရပါတယ်။ 

ကျောက်မဲခရိုင် ကုန်းသာအုပ်စု ကုန်းသာ နဲ့ ဟူးမန်းရွာအနီးတဝိုက်မှာ ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက် သန်းခေါင်ကျော် ၁၂ ရက်မနက်ထိ ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့ပြီး ခုရက်ပိုင်း မြေပြင်တိုက်ပွဲ ငြိမ်နေပေမယ့် မနေ့မနက်က မိုးမိတ်မြို့နယ် ရေပုံးကျေးရွာဘက်မှာ ရဟတ်ယာဉ်နဲ့ လာပစ်သလို နမ့်ဆန်မှာလည်း တနေကုန် လေယာဉ်နဲ့ လာဝဲနေတယ်လို့ PSLF/TNLA ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ 

“မြေပြင်တိုက်ပွဲက လတ်တလောငြိမ်နေတယ်။ ဒါပေမဲ့ မိုးမိတ်မြို့နယ် ရေပုံးကျေးရွာဘက်မှာတော့ စစ်တပ်ဘက်က မနေ့မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီထိ ရဟတ်ယာဉ်နဲ့ လာပစ်သွားတယ်၊ ထိခိုက်ပျက်စီးမှုအခြေအနေတော့ မသိရသေးပါဘူး။ နမ့်ဆန်မှာလည်း မနေ့က လေယာဉ်နဲ့ တနေကုန် လာဝဲတယ်၊ ၁ နာရီခြား ၁ ခါ ၂ နာရီကြား ၁ ခါ၊ တခါလာရင် ၁ စီး ဒါမှမဟုတ် ၂ စီး လာတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကတော့ စစ်ကောင်စီတပ်က လေယာဉ်ပေါ်ကနေ ဗုံးကြဲချလို့ ကုန်းသာရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ပျက်စီးပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျသွားပါတယ်။

မြေပြင်ပေါ်မှာလည်း စစ်ကောင်စီတပ်ဘက်က မြင်မြင်ရာရမ်းသန်းပစ်ခတ်တာကြောင့် အိမ်ခြေ ၆၀ လောက်ရှိတဲ့ ကုန်းသာရွာက နေအိမ်အလုံး ၅၀ ကျော် ကျည်ထိမှန်ပျက်စီးပြီး ဟူးမန်းရွာမှာတော့ စကစတပ်သားတွေ အိမ်ထဲဝင်ရောက်မွှေနှောက်ကာ ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းတွေနဲ့ ဆန်တွေပါ သယ်သွားတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။ 

ဒီပစ်ခတ်မှုတွေမှာ ကုန်းသာရွာသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ Ta'ang Women's Organization - TWO  ကလည်း ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲမှာ TNLA ဘက်က စစ်ကောင်စီရဲ့ တပ်သားအလောင်း ၅၀ လောက် ရထားပြီး တပ်သား ၂၀ အရှင်ဖမ်းမိထားတယ်လို့ လူမှုကွန်ရက်မှာ ပြန့်နေပါတယ်။ 

နှစ်ဘက်လုံး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပေမယ့် စာရင်းအတိအကျမသိရသေးကြောင်း၊ နမ့်ဆန်မြို့နယ်ထဲမှာ ယခင်က စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ကြိုးကြားကြိုးကြားရှိခဲ့ပေမဲ့ ဒီတကြိမ်ကတော့ အပြင်းထန်ဆုံးနဲ့ ထိခိုက်ဆုံးရှုံးမှု အကြီးဆုံးပဲလို့ မိုင်းအိုက်ကျော်က ပြောပါတယ်။ 

ခုတကြိမ်တိုက်ပွဲဟာ စစ်ကောင်စီဘက်က နမ့်ဆန်မြို့နယ်ထဲမှာ သူတို့စစ်သည် အင်အားတွေ နောက်ထပ်လာပြီး ချထားစဉ် TNLA တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ဘာကြောင့် အခုလို အင်အားသုံးတိုက်ခိုက်ရသလဲဆိုတာတော့ အကြောင်းရင်းကို မသိရကြောင်း၊ ဒါပေမဲ့ တဘက်ကို တိုက်ပွဲရပ်ထားရင် နောက်တဖွဲ့ကို ထိုးစစ်ဆင် လေ့ရှိတာကတော့ စစ်ကောင်စီတပ်က လုပ်နေကျဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲနားထားစဉ် ပလောင်ဒေသကို ထိုးစစ်လာဆင်တာလို့ TNLA ပြောခွင့်ရ ဒုဗိုလ်မှုးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

တိုက်ပွဲကြောင့် ကုန်းသာရွာနဲ့တကွ အနီးတဝိုက်ရွာပေါင်း ၇ ရွာလောက်က ရွာသား ၁ ထောင်ကျော် ၂ ထောင်နီးပါး နမ့်ဆန်မြို့နယ် ဇယန်းကြီးဟိုနမ့်ကျောင်းတိုက်မှာ ဝင်ရောက်ခိုလှုံနေရပါတယ်။ 

ခုရက်ပိုင်း တိုက်ပွဲမရှိပေမယ့် အခြေအနေ စိတ်ချလို့မရတာကြောင့် စစ်ဘေးရှောင်တွေ အိမ်မပြန်နိုင်သေးကြောင်း၊ တိုက်ပွဲက မိုင်းဗုံးအကြွင်းအကျန်တွေလည်း ရှိနေဆဲမို့ လက်ဖက်ခင်း ယာတော လုပ်ငန်းခွင်သွားဖို့ မလွယ်ကူသေးဘူးလို့ TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013