DVB Logo
Home
မြန်မာသတင်း
ကလေး၊ မြောင်နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
December 14, 2022
ကလေး၊ မြောင်နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦး ကျဆုံး၊ ကလေး PDF ဘက်က မိုင်းအဖွဲ့ဝင်တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် စစ်တပ်က နန်းချောင်းရွာက ဒေသခံ နေအိမ်တွေကို ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့တယ်လို့ ကလေး PDF က ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ကလေးမြို့နယ်မြောက်ပိုင်း ကျောင်းတိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ နန်းချောင်းကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာစဉ် ကလေး PDF မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် စစ်ကောင်စီ တပ်နဲ့ PDF (Kakay)၊ CDF-KKG ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"နန်းချောင်းရွာကိုလည်း ထပ်မံမီးရှို့နေတယ်။ စစ်ကြောင်းကလည်း ရွာထဲက မထွက်သေးဘူး။ ဒေသခံတွေအနေနဲ့ ဒိုးဝိုင်းချောင်း-ရာဇဂြိုလ်လမ်းမကြီးကို အသွားအလာမပြုလုပ်ကြပါနဲ့။"

စစ်ကောင်စီ တပ်ဖွဲ့ဟာ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့နေရာမှ နန်းချောင်းကျေးရွာကို တပ်ဆုတ်ကာ နန်းချောင်းကျေးရွာရှိ  ဘုရားကျောင်းနှင့် လူနေနေအိမ် ၁၉ လုံးကို  မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတွေကလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနေ့ကလည်း ကလေး PDF တပ်ဖွဲ့ဝင်တွေက Drone နဲ့ နန်းချောင်းကျေးရွာရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဟာ နန်းချောင်းကျေးရွာရှိ လူနေအိမ် ၃ လုံးအား ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးအခြေအနေတွေအရ ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် အနောက်မြောက်လမ်းမကြီးအား ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီး အသုံးမပြုကြဖို့ ကလေး PDF က အရေးပေါ်ပိတ်ထားပါတယ်။ 

ဒီဇင်ဘာ ၁၃ ရက်မနက်ကလည်း  စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ကူးတို့ကုန်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"မနက် ၈ နာရီကျော်လောက် စစ်တပ်က အင်အား ၆၀ ကျော်လောက်နဲ့ လက်နက်ကြီးနဲ့ ပစ်ပြီးရွာထဲဝင်လာတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ပစ်ပြီးဝင်လာတာ။ ပစ်ခတ်ပြီး မီးရှို့တော့တာပဲ။ နေအိမ် ၈၀ ကျော်လောက် မီးလောင်သွားတယ်။ စစ်တပ်ဝင်လာပြီး မီးရှို့လို့ ထွက်ပြေးရတာလည်း လူ တထောင်ကျော်လောက်ရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ကူးတို့ကုန်းကျေးရွာမှာ နေအိမ် ၃၀၀ ကျော်ရှိတဲ့အနက် နေအိမ် ၈၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် မြောင်မြို့နယ်အတွင်းက ကြည်ခြံကျေးရွာ၊ လှေတင်ဦး၊ ကူးတို့ကုန်း၊ ဆွဲလဲအို၊ နဘက်ကုန်း၊ ပေါက်တော၊ ကျောက်ဖူးကုန်း၊ ဘိုးမြတ်သာနဲ့ ကသစ်ကုန်းကျေးရွာတွေက ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဆူးတပ်ကျေးရွာရှိ နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်က ဆူးတပ်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့အင်အား ၆၀ ကျော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် ဒေသကာကွယ်ပူးပေါင်းအဖွဲ့တွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ Kanbalu Underground Warriors မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"စကစ နဲ့ ပျူအဖွဲ့က ဆူးတပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတော့ ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက လမ်းမှာ ဖြတ်တိုက်ကြသေးတယ်။ ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ကြတာ။ အဲ့ဒီကနေ စကစဘက်က ဆူးတပ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ဝင်ပြီး မီးရှို့တာ။ အဲ့လို ရှို့နေလို့ ဒီကမဟာမိတ်အဖွဲ့တွေက ၆၀ မမ ၁၂ လုံးလောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့ဘက်က အသေပျောက်တော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပါ။" 

အဲ့ဒီတိုက်ခိုက်မှုကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှားညီနောင်များ၊ MPF U.18၊ ကန့်ဘလူတောင်ခြမ်း Local PDF များမှ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့ဖျက်ဆီးတာကြောင့် ‌ဆူးတပ်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှ ဒေသခံ‌ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

ဒီဇင်ဘာ ၉ ရက်ကလည်း ကန့်ဘလူမြို့နယ် ဝက်သအင်းကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးလို့ ပြည်သူလူထု နေအိမ်‌ ၄၄ လုံး ဆုံးရှုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013