DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်ထားမှု သံတမန်ရေးအရ စစ်ကောင်စီကို အထိနာစေ
DVB
·
December 14, 2022
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်ထားမှု သံတမန်ရေးအရ စစ်ကောင်စီကို အထိနာစေ
Donate to DVB

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားဖို့ ကုလသမဂ္ဂကိုယ်စားလှယ်အရည်ချင်းကော်မတီက ဆုံးဖြတ်လိုက်တာဟာ ကြီးမားတဲ့အောင်မြင်မှုမဟုတ်ပေမဲ့ သံတမန်ရေးအရတော့ စစ်ကောင်စီကို အထိနာစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  ဆက်ထားဖို့အတွက် ကုလသမဂ္ဂရဲ့ အရည်ချင်းစစ်ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ ကုလသတင်းရင်းမြစ်တွေကို ကိုးကားပြီး VOA သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ကုလသဂ္ဂဘက်ကရော သံအမတ်ကြီးဘက်ကပါ တရားဝင်ထုတ်ပြန်ကြေညာတာတော့ မရှိသေးပါဘူး။

ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှုနဲ့ ပတ်သက်လို့တော့ အန်ယူဂျီကိုယ်စားလှယ်ကို ရွေးမလား၊ စစ်ကောင်စီ တင်သွင်းထားတဲ့ ကိုယ်စားလှယ်ကို ရွေးမလား ဆိုတာကိုတော့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တာ မရှိသေးဘဲ ဆက်လက်ဆိုင်းငံ့ထားဦးမယ်လို့ ဆိုပါတယ်။ 

ဒီအခြေအနေဟာ အရင်ရှိရင်းစွဲပုံစံအတိုင်းဖြစ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုမဟုတ်ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်တော့ သံတမန်ရေးရာကိစ္စတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အတွက် အောင်မြင်မှုတစ်ခုလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စင်ကာပူအမျိုးသားတက္ကသိုလ်က ကိုကြည်စင်က ပြောပါတယ်။ 

“ကြီးမားတဲ့ ထူးခြားတဲ့အောင်မြင်မှုတခု ရသွားတယ်လို့တော့ ပြောရခက်တယ်ပေါ့။ NUG ကတော့ သူ့ရဲ့ လက်ရှိထိန်းသိမ်းထားတဲ့ နိုင်ငံတကာမှာ ကိုယ်စားပြုမှုတခုကိုတော့ သံတမန်ရေး စာမျက်နှာမှာ ဒါဆက်ပြီးတော့ လှုပ်ရှားပါဝင်နိုင်ခွင့်ကို ဆက်ထိန်းသိမ်းထားနိုင်တဲ့အတွက်ကြောင့် သံတမန်ရေးအရကြည့်မယ်ဆိုရင်တော့ NUG ကတော့ ဒါ အောင်မြင်မှုတခုလို့ ပြောလို့ရတယ်။”

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း ရုရှားရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို  အထိနာစေလိမ့်မယ်လို့ ပြောပါတယ်။

“စကစအတွက်ကတော့ တော်တော်အထိနာတာပေါ့ဗျာ။ သူ့အတွက်ကတော့ အထိနာပြီးရင်း နာပြီးရင်းပဲ။ ကျမတို့ တော်လှန်ရေးဘက်သားတွေကတော့ အားတက်စရာပေါ့။ ဒါဘာပဲဖြစ်ဖြစ် ကျမတို့ ပြည်သူတွေက နွေဦးတော်လှန်ရေးမှာ အဆက်မပြတ် ဖော်ပြနေတဲ့ လက္ခဏာတွေကို အသိအမှတ်ပြုတဲ့သဘောဖြစ်တာပေါ့၊ အားတက်စရာပေါ့။

ခုလိုမျိုး ကုလသမဂ္ဂ စင်မြင့်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေတာဟာ ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့်ဖြစ်တယ်လို့လည်း  ဒေါက်တာလှကျော်ဇော်က ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို အသည်းအသန် လိုချင်နေတဲ့ စစ်ကောင်စီအတွက်တော့ စိတ်ပျက်စရာဖြစ်စေမှာ ဖြစ်သလို စစ်ကောင်စီ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကိုလည်း လက်ခံမှာမဟုတ်ဘူးဆိုတာကို ပြသရာလည်းရောက်တယ်လို့  ကိုကြည်စင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ကျင်းပတဲ့ ကုလအရည်ချင်းစစ်ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရှိရင်းစွဲပုံစံအတိုင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ သဘောတူညီခဲ့ကြတာဖြစ်ပြီး နိုင်ငံကိုယ်စားပြုမှုအရေးကိုတော့ ဆိုင်းငံ့ထား ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာက ကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံကနေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တင်သွင်းတဲ့ လုပ်ငန်းစဉ် ပြန်လည်စတင်ရာမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ရရှိရေး အာဏာသိမ်းစစ်ကောင်စီဘက်က ကိုယ်စားလှယ်တင်သွင်းခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တာပါ။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ရုရှား၊ တရုတ် တို့အပါအဝင် နိုင်ငံ ၉ နိုင်ငံ ပါဝင်ပြီး ရုရှားက ကန့်ကွက်ခဲ့ပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး အခုလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013