
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှာ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက အသက် ၄၄ နှစ်အရွယ်ရှိ အမျိုးသားတယောက် သူ့ရဲ့နေအိမ်မှာ ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
သေဆုံးသူဟာ ကလေးသုံးယောက်ရဲ့ဖခင် ကိုဝင်းနိုင်ဦးဖြစ်ပြီး ဇနီးဖြစ်သူနဲ့ အချင်းများခဲ့ပြီးနောက် ဇနီးသည်က ကလေးတွေနဲ့ အိမ်ပေါ်ကဆင်းသွားပြီး ဒီမနက် ပြန်လာချိန်မှာတော့ ကိုဝင်းနိုင်ဦးကို ဆွဲကြိုးချအနေအထားနဲ့ သေဆုံးနေတာတွေ့ခဲ့ရလို့ မင်္ဂလာတောင်ညွန့်ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းက “စခန်းက မနက် ၆ နာရီလောက် ဖုန်းဆက်တာ၊ ကူးတို့ဆိပ်မှာ အလောင်းတခုတွေ့တယ်၊ ကူညီသယ်ယူပေးပြီး ဆေးရုံကြီးကို ပို့ဖို့လို့ပြောတယ်။ ကျန်တာတော့ မသိပါဘူး၊ Dead Body ယူရုံပါ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မဖြေကြားဖို့ လာပြောထားလို့ ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
Photo-M.T.R.T