DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၅၈၀ ထိ ရှိလာ
DVB
·
December 14, 2022
အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၅၈၀ ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၇၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၄၉ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၇၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၁၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာဦးစည်သူအောင်မြင့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာ အင်းစိန်အကျဉ်းထောင်တွင်းရှိ ဗိုလ်တထောင်ခရိုင် အထူးတရားရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၄ (က) နဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ၁ သောင်းကျပ် ထပ်မံချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးစည်သူအောင်မြင့်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က ၂ မှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ စလောင်းကျကျေးရွာမှာ နေထိုင်တဲ့ ကိုမင်းပိုင်နဲ့ ကိုအောင်မင်းဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့ ပေးတယ်လို့ စွပ်စွဲကာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်ကနေ ၁၂ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းက ကုက္ကိုကုန်းကျေးရွာ၊ ပေပင်ချောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနဲ့ လျှော်ဖြူကုန်းကျေးရွာတွေ က နေအိမ် ၂၂၄ လုံးကို အကြမ်းဖက်စစ်အုပ်စုရဲ့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့မှာ တပ်စွဲထားတဲ့ အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တပ်နဲ့ ချပ်သင်းဒေသမှာ တပ်စွဲထားတဲ့ အင်အား ၇၀ ခန့်ရှိ ခမရ ၃၆၉ တပ်တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်ညနေပိုင်းမှာတော့ ပေပင်ချောင်ကျေးရွှာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံထားရသူတွေကတော့ သိန်းအောင်၊ အဲမောင်၊ နိုင်ဝင်းထွန်း၊ ကံမင်းစိုးနဲ့ မြင့်စိုးတို့ဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013