Home
မြန်မာသတင်း
မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ၊ ထီးချိုင့်မြို့နယ်၌ စစ်ကူလာသည့်ကား မိုင်းဆွဲခံရ
DVB
·
December 13, 2022
319670470_691518588994933_3143818763545663272_n
318726890_3242743029321628_9053165683556791301_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၁ ရက် နေခင်းပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် တွင်းမရွာကနေ အရှေ့ ညောင်တွင်းကျေးရွာဘက်ကို အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၁ ရက် နေ့ခင်း ၁ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က  နှစ်ယောက် သေဆုံးကာ လေးယောက် အပြင်းထန် ဒဏ်ရာရရှခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သွားတာကြောင့် ကြောက်လန့်ထွက်ပြေးကာ သေနတ်တွေ အဆက်မပြတ် ပစ်ခတ်ပေမယ့် PDF ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကို ဆက်လက်တိုက်ခိုက်ဖို့ စီစဥ်ထားပေမယ့် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၄၀ လောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ထားတာကြောင့် ပြည်သူတွေ ထိခိုက်မှာစိုးလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူတွေဆီက ဆက်ကြေးတောင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၂ ယောက် အပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာလည်း  မြတောင်လမ်းဆုံကနေ ထီးချိုင့်ဘက်ကို  စစ်ကူပို့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ စီးနင်းလိုက်ပါလာတဲ့ ကား ၂ စီးကို ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီလောက်မှာ Special.9-HPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Special.9-HPDF အဖွဲ့တာဝန်ရှိသူတဦးက “မြတောင်လမ်းဆုံကနေ ကားသေး ၁ စီးနဲ့ ‌၆ ဘီးကား ၁ စီး ထီးချိုင့်ဘက်ကို အင်အား ၃၀ ဝန်းကျင်ပါတဲ့ ကား ၂ စီးကို ကက္ကူသင်္ချိုင်းအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ပြီး ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားအသေး အနည်းငယ်ထိသွားပြီး ၂ စီးလုံး ရပ်သွားတန့်သွားတယ်။ နောက်တစ်ကြိမ် ထပ်ဆွဲခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ကားကြီးနောက်ထဲကို ‌ရှေ့ထွက်မိုင်းနဲ့အတိအကျ ဆွဲနိုင်ခဲ့ပါတယ်။ (စခ..)တွေ ၁၀ မိနစ်လောက် မတုံ့ပြန်နိုင်ဘဲ ငြိမ်ကျသွားပြီးနောက်မှ ပြန်ပစ်တယ်။ မြတောင်လမ်းဆုံသို့ ပြန်ခေါက်သွားခဲ့တယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေမှာ စစ်ကောင်စီဘက်က အထိအခိုက်များနိုင်တယ်လို့ဆိုပေမဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတိအကျကိုအတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဘူးလို့ Special.9-HPDF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024