
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ်လမ်းမကြီးမှာ မော်တော်ယာဉ်တွေ အသွားအလာမပြုကြဖို့ ကလေး PDF တပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကလေးမြို့နယ်အတွင်း လက်ရှိ စစ်ရေးအခြေအနေတွေအရ ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် အနောက်မြောက်လမ်းမကြီးကို အရေးပေါ် ပိတ်ပင်ရတာလို့ ကလေး PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ရေးအခြေအနေအရ ပိတ်ပင်တာပါ။ ဘာကြောင့်ရယ်လို့ မပြောပြတော့ပါဘူး။ လက်ရှိထိတော့ စစ်(--)တွေက နန်းချောင်းရွာထဲမှာ ရှိနေသေးတယ်။”
ဆက်လက်ပြီး သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေကို PDF Kalay က တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပေးနိုင်ကြောင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိပြုစေလိုကြောင်းလည်း သတိပေးထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနေ့မနက်ပိုင်းက နန်းချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး Foursquare Biakinn ဘုရားကျောင်း အပါအဝင် နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လူနေအိမ်တွေ မီးရှို့တဲ့ အရေအတွက်ကို ဒရုန်းနဲ့ကြည့်ရှု သိရတာဖြစ်ပြီး ရွာထဲမှာ ပိတ်မိနေတဲ့သူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ နန်းချောင်းကျေးရွာမှာ လူနေအိမ် ၁၉၀ ဝန်းကျင်ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်တယ်လို့ သိရပြီး စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် နန်းချောင်းရွာအပါအဝင် အနီးရှိ ကျေးရွာ ၃ ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်တွေက ကလေးမြို့ ထောက်ပို့တပ်ကနေ မြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံလူနေအိမ် ၂,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။