ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်မှာ ဧည့်စာရင်းမတိုင်ကြားထားဘဲ ရခိုင်ပြည်နယ်ကနေလာရောက်တည်းခိုနေတဲ့ ဆေးလာကုသူ အမျိုးသား နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်၊ ည ၆ နာရီခွဲလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်တချို့ကို ဧည့်စာရင်းဝင်စစ်ရာမှာ ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံတဲ့မိသားစုနဲ့ နီးစပ်သူတဦးက “ရခိုင် မာန်အောင်ကလာတာ၊ ခေါ်သွားခံရတာက ဦးလေးနဲ့ သူ့တူလေးပါ။ ကင်ဆာဆေး သွင်းဖို့ လာရင်းဖြစ်သွားတာ။ ကားက ညနေမှရောက်တော့ ဧည့်စာရင်းလည်း မတိုင်မိဘူး။ သူ့တူဖုန်းကိုစစ်တော့ လက်နက်ကိုင်အဖွဲ့ပုံတွေ တွေ့လို့ မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ၊ သူ့ဦးလေးလည်း ပါသွားတယ်” လို့ ပြောပါတယ်။
အဆိုပါည ၁၁ နာရီခွဲလောက်က စစ်ကားနှစ်စီး၊ အိမ်စီးကားတစီးနဲ့ ဝေဘာဂီမြို့သစ်ရှိ ဝေဘာဂီလမ်းမနဲ့ ဝေဟင်လမ်းဘက်ကို ကင်းပတ်နေတာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားနှစ်ယောက်ဟာ ဘုန်းကြီးကျောင်းကနေတဆင့် ရပ်ကွက်ထဲရှိ အသိအိမ်ကို ပြောင်းရွှေ့တည်းခိုရာက ဖမ်းဆီးခံခဲ့ရတာပါ။
ရဲစခန်းနဲ့ နီးစပ်သူတဦးက “လောလောဆယ်တော့ ဘာမှ ပြောလို့မရသေးဘူး။ ကောင်လေး ဖုန်းထဲက ပုံတွေတွေ့တယ်လို့ ပြောတယ်။ တစ်တော့အကောင့်မှာလည်း နိုင်ငံရေးဗီဒီယို တင်ထားတာတွေရှိတယ်။ လူနာပါ ပါလာတော့ ဘယ်လိုလုပ်ပေးမလဲ မသိသေးဘူး။ ဆေးစာနဲ့ အာမခံနဲ့ လွှတ် မလွှတ် မပြောတတ်ဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပြီး အဆိုပါနေ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့အတူ စစ်ကောင်စီဘက်က စစ်ဆေးရေးတွေကြောင့် မြောက်ဒဂုံမြို့နယ်က လူငယ်နှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။