Home
မြန်မာသတင်း
ကန့်ဘလူ၊ ကသာမြို့နယ်တို့တွင် စစ်ကောင်စီ စခန်းနှင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်ခံရ
DVB
·
December 13, 2022

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက်မှာ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲဟာ မနက် ၁ နာရီကနေ ၄ နာရီအထိ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ကန့်ဘလူဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲက စခန်းသိမ်းတိုက်ပွဲပဲ။ အခြေအနေမလှတော့ စစ် (--)တွေက လေယာဉ် ၂ စီးနဲ့ကို လာပစ်ရတယ်။ လေယာဉ်ပစ်လို့ တိုက်ပွဲက ပြီးသွားတယ်။ ကျနော်တို့ဘက်က ၁ ဦးကျတယ်။ ၆ ဦး ဒဏ်ရာရှိတယ်ဗျ။ လေယာဉ်နဲ့ပစ်လို့ ဒေသခံအကျအဆုံးကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ကိုးတောင်ဘို့အထိုင်ကနေ ကောလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထွက်သွားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနောက်တန်းစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက် စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် အခုလို လေယာဉ်နဲ့ စစ်ကူလာပစ်တာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီဗွီဘီ အနေနဲ့လည်း သီးခြား အတည်ပြုမပြုနိုင်သေးပါဘူး။

အဲဒီတိုက်ပွဲကို ဒေသခံ Kotaungbo Revolution KTB-R အပါအဝင် တခြား ညီနောင်မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာအနီးမှာ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် မိုင်းဆွဲတိုင်ခိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ  မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာအနီးမှာပဲ သေဆုံးသူတွေကို မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

"မနက် ၇ နာရီလောက်က စစ်ကောင်စီတပ် အင်အား ၇၀ လောက် ဘူတာရုံဟောင်းနားမှာ မိုင်းဆွဲခံရတာ။ ကျနော် သိသလေါက် မိုင်းဆွဲခံရတဲ့နေရာမှာ ၄ ဦးသေလို့ မြှုပ်ထားခဲ့တယ်။ ခြေပြတ်ပြီး ဒဏ်ရာနဲ့ သယ်သွားတာကလည်း ၁၀ ဦးလောက်တွေ့တယ်။ လမ်းမှာ ၃ ဦးထပ်သေလို့ နောတန်းရွာနားမှာ ဖြစ်သလို မြေမြှုပ်ထားခဲ့တယ်"  လို့  ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ ခလရ ၇၈ အင်အား ၇၀ လောက်ပါအဖွဲ့ဟာ ချောင်းဝရွာကနေ မိုးဒါးလေးကျေးရွာကို စစ်ကြောင်းထိုးလာစဉ် မြို့လှ KPDF ရဲ့ ဗိုလ်မိုးကြိုးအဖွဲ့က တိုက်မိုင်း ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Myo Hla PDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို  ချောင်းဝရွာနဲ့ နောတန်းအနီးမှာ KPDF  မိုင်းဆရာ ဗိုလ်ဂုဏ်မာန်နဲ့အဖွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024