မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၀ ရက်ကစတင်ပြီး မူးယစ်ဆေး ရောင်းဝယ်သူတွေနဲ့ ဆိုင်ကယ်ခိုးယူသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်ကွက်အတွင်း မူးယစ်ဆေး ရောင်းဝယ်သူတွေကို သတင်းမေး စုံစမ်းကာ လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့ မိုးကုတ်ဒေသခံတဦးက ပြောပါတယ်။
ချမ်းမြေ့သာယာရပ်ကွက်နေ ပြည်သူတဦးက “ကျနော်တို့ရပ်ကွက်ထဲက မူးယစ်ရောင်းသူ နှစ်ယောက်ရယ်၊ ဆိုင်ကယ်ခိုးသူတယောက်ရယ်ကိုတော့ မနေ့က လာဖမ်းသွားတယ်။ တခြား မူးယစ်ဆေးရောင်းသူတွေကိုလည်း လက်ဖက်ရည်ဆိုင်တွေမှာ ဆေးဝယ်မယ်ဆို ချိန်းပြီး ဖမ်းနေတယ်။ မြင်ကြသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ ပိုမိုများပြားလာခဲ့တာဖြစ်ပြီး လူစည်ကားရာ နေရာတွေနဲ့ အိမ်ရှေ့တွေမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေ မကြာခဏ ခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်တပ်က နယ်မြေရှင်းလင်းတဲ့အနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သူခိုးတွေကို လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခံထားရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူးလို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့ စစ်တန်းရပ်ကွက်က ဗျူဟာကုန်းမှာ ဒီနေ့မနက်ပိုင်းကလည်း ပစ်ခတ်သံ ၃ ချက် ကြားခဲ့ရပြီး ဘာကြောင့်ပစ်ခတ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။