
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၇၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၄၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၇၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ကလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇင်မင်းထက်နဲ့ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမျိုးသစ်ကျော်တို့ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေး အကျဉ်းထောင်တွင်း တရားရုံးမှ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုမျိုးသစ်ကျော်မှာ ကလေးဒေသ ကွပ်ကွဲမှုစစ်ဌာနချုပ် (ဒ.က.စ) စစ်ဆေး ရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး ကိုဇင်မင်းထက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၁၅ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ကလေးမြို့၊ စမ်း မြို့ရပ်ကွက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ညပိုင်းအချိန်က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားသုံး ဖမ်းဆီးခြင်းခံခဲ့ရတဲ့ မအေးအေးမင်းနဲ့ ခင်ပွန်းဖြစ်သူတို့ ၂ ယောက်ကို အင်းစိန် အကျဉ်းထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာ ၉ ရက်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။