DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် သိုသိပ်စွာဆွေးနွေးကြရန် အပစ်ရပ် ၇ ဖွဲ့၏ ကမ်းလှမ်းချက် စစ်ကောင်စီ လက်မခံသဖြင့် အထမမြောက်
DVB
·
December 12, 2022
ချင်းမိုင်တွင် သိုသိပ်စွာဆွေးနွေးကြရန် အပစ်ရပ် ၇ ဖွဲ့၏ ကမ်းလှမ်းချက် စစ်ကောင်စီ လက်မခံသဖြင့် အထမမြောက်
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြဖို့ အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ကကမ်းလှမ်းထားပေမဲ့ စစ်ကောင်စီဘက်က အဆင့်မဖြစ်လို့ ဆွေးနွေးပွဲမဖြစ်မြောက်ဘူးလို့ အပစ်ရပ်အဖွဲ့တွေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ချင်းမိုင်မြို့မှာ တဖက်လျှင် ကိုယ်စားလှယ် အနည်းငယ်နဲ့ ကနဦးအလွတ်သဘောတွေ့ဆုံဆွေးနွေးမှု သိုသိပ်စွာနဲ့ စတင်ကျင်းပကြဖို့ စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ  အပစ်ရပ် ၇ ဖွဲ့က ဒီဇင်ဘာ ၇ ရက်နေ့စွဲနဲ့ စာပေးပို့ ကမ်းလှမ်း ထားတာပါ။

ဒီဇင်ဘာ (၁၅-၁၇) ရက်မှာ တောင်ကြီး ဒါမှမဟုတ် မော်လမြိုင်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ စုံညီစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြဖို့  ဒီဇင်ဘာ (၂၀-၂၁) ရက် မှာ ရန်ကုန်မှာ တရားဝင်ဆွေးနွေးပွဲကျင်းပဖို့နဲ့ ရရှိလာတဲ့ နှစ်ဖက်ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေကို သင့်တော်တဲ့ အချိန်နဲ့ နေရာမှာ တရားဝင် လက်မှတ်ရေးထိုးအတည်ပြုကြဖို့လည်း ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တွေ့ဆုံဖို့အဆင်သင့်မရှိသေးတဲ့ အကြောင်း ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့  ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“ကျနော်တို့ရဲ့ စာမှာတော့ ဒီနေ့မှာ ကျနော်တို့ ချင်းမိုင်မှာ သိုသိုသိပ်သိပ်လေးနဲ့ လူနည်းနည်းနဲ့ အစပျိုးမှုတခုလုပ်ဖို့ကျနော်တို့ ကမ်းလှမ်းတာရှိတယ်။ သို့သော်လည်းပဲ ဒါတွေက ကျနော်တို့ တဖက်ထဲကပဲ ကမ်းလှမ်းအတည်ပြုတာဖြစ်ပါတယ်။ NSPNC ဘက်က ပြန်ကြားချက်အရတော့ လောလောဆယ်အရ တနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ အခင်းအကျင်း၊ အကျပ်အတည်းအခက်အခဲအရ ဒီအဆိုပြုတဲ့နေရာမှာ သူတို့ဘက်ကလောလောဆယ် လိုက်ပါဆောင်ရွက်ဖို့ အဆင်သင့် မရှိသေးဘူးဆိုတဲ့အကြောင်းကို ကျနော်တို့ကို ပို့ပို့ချင်းပဲ ပြန်ကြားမှုတွေ ရရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ အဆိုပြုစာမှာပါတဲ့ အစီအစဉ်ကတော့ လောလောဆယ် မလုပ်ဆောင်နိုင်ပါဘူး။ တွေ့ဆုံနိုင်ခြင်းလည်းမရှိသေးပါဘူး။”

တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ ၇ ဖွဲ့ကတော့  ရခိုင်ပြည်လွတ်မြောက်ရးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သွားတက်ရောက်ခဲ့တဲ့အဖွဲ့တွေဖြစ်ပြီး အရင်က တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးရာကနေ အားလုံးအတူ ပူးပေါင်းတွေ့ဆုံနိုင်ရေး စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို ကမ်းလှမ်းတာလို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“ကျနော်တို့က တဖွဲ့ချင်းစီ သွားရောက်တွေ့ဆုံတဲ့အခင်းအကျင်းမှာ ကျနော်တို့ပြောနေတဲ့ တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အဖြေရှာတဲ့နေရာမှာ သော်လည်းကောင်း၊ ပြည်ထောင်စု တဝန်းလုံးနဲ့ သက်ဆိုင်တဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဖြေဖျောက်ဖို့ ကျနော်တို့ လမ်းစရှာရမှာသော်လည်းကောင်း တဖွဲ့ချင်းစီသွားတဲ့ အခင်းအကျင်း ကနေပြီးတော့ ကျနော်တို့ ညှိနှိုင်းပြောဆို ဆွေးနွေးဖို့။ ဒါကြောင့်ကျနော်တို့ နှစ်ကြိမ်တွေ့ဆုံမှုအပြီးမှာပဲ ကျနော်တို့သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အခင်းအကျင်း မဟုတ်တဲ့တိုင်အောင် ကျနော်တို့ သွားလက်စ ၇ ဖွဲ့ထဲက အရင်ကလို တဖွဲ့ချင်းစီ သွားရောက်တွေ့ဆုံဖို့မဟုတ်ဘဲနဲ့ စုပေါင်းပြီး ညှိနှိုင်းတွေ့ဆုံအဖြေရှာဖို့ ပထမအဆင့် ထိုးဖောက်မှု လမ်းစရှာမှုအနေနဲ့ ဖော်ဆောင်လို့ရအောင် ကျနော်တို့ ၇ ဖွဲ့အနေနဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တွေဖွဲ့ပြီးတော့ အစိုးရဘက်ကို ကျနော်တို့က ကမ်းလှမ်းတယ်။ အဆိုပြုတယ်၊ ချဉ်းကပ်မှုတွေ လုပ်တယ်ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်။”

ဒီလိုငြိမ်းချမ်းအတွက် တွေ့ဆုံဖို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်  ၇ ဖွဲ့စုဖွဲ့ပြီး ကမ်းလှမ်းတာကို စစ်ကောင်စီကလက်ခံပေမယ့် ပြည်တွင်းမှာသာ တွေ့ဆုံဖို့ ပြန်လည်ပြောဆိုတာတွေရှိတဲ့အတွက် တွေ့ဆုံဆွေးမှု အစပြုနိုင်ရေး ဆက်လက် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က ဖိတ်ခေါ်ခဲ့တာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ မဖြစ်တာ ၁၀ စုနှစ်နဲ့ချီ ကြာနေပြီဖြစ်တဲ့  တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က နေပြည်တော်ကို သွားရောက် တွေ့ဆုံခဲ့သလို ဩဂုတ် ၁၆ ရက်ကမှာ တွေ့ဆုံခဲ့ပြီးဖြစ်တဲ့အဖွဲ့တွေကို ထပ်မံဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု တွေလုပ်ဆောင်ခဲ့ပါတယ်။

နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၁၀ ဖွဲ့ကတော့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊  ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊  လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013