Home
မြန်မာသတင်း
ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညဘက် မူးယစ်သောက်စားပြီး သေနတ်ဖြင့် ပစ်ခတ်နေ
DVB
·
December 12, 2022

ရန်ကုန်တိုင်း၊ မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းအချိန်တွေမှာ ဒေသခံ လူမိုက်တွေထံမှာ သောက်စားမူးယစ်ပြီး သေနတ်တွေနဲ့ မိုးပေါ်ထောင်ပစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သာကေတ၊ သန်လျင်၊ ကြည့်မြင်တိုင်တဖက်ကမ်း အစရှိတဲ့ မြို့စွန်ကျတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ခံလူမိုက်တွေထံမှာ မူးယစ်သောက်စားပြီး သေနတ်ပစ်ဖောက်တာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက “တခါပစ်ရင် လေး ငါးချက်လောက် ဆက်တိုက်ပစ်တယ်။ ကိုယ်တွေကတော့ PDF တွေ လာပစ်တာလို့ပဲ ထင်တာ။ သွားလည်းမကြည့်ရဲဘူး။ ညဘက်ဆိုရင် သူတို့ဝင်လာမှာပဲ စိုးရိမ်နေရတာ” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ညပိုင်းအချိန်တွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခံလူမိုက်တွေဟာ ပြည်သူတွေကို အမြဲရန်မူနေပြီး မထင်ရင် မထင်သလို ရိုက်နှက်ဖမ်းဆီးကာ ငွေညှစ်တာတွေလည်း ပြုလုပ်နေတာကြောင့် ရန်ကုန်မှာ ည ၉ နာရီနောက်ပိုင်းဆိုရင် လူသွားလူလာ မရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီနဲ့ ပနံသင့်ပြီး လာဘ်ပေးဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့က ဘားတွေနဲ့ ကလပ်တွေကတော့ ညမထွက်ရအချိန်ထက် ကျော်လွန်ဖွင့်လှစ်နေပြီး အဲ့ဒီကလပ်တွေနဲ့ ဘားတွေကိုတော့ စစ်ကောင်စီတပ်တွေက လုံခြုံရေးပေးနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024