DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲကြောင့် ပြည်သူ ၁,၂၀၀ ကျော် နမ့်ဆမ်သို့ စစ်ဘေးရှောင် (ဓာတ်ပုံ)
DVB
·
December 12, 2022
စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲကြောင့် ပြည်သူ ၁,၂၀၀ ကျော် နမ့်ဆမ်သို့ စစ်ဘေးရှောင် (ဓာတ်ပုံ)
1 / 34
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတာကြောင့် အနီးနားဝန်းကျင် ရွာပေါင်း ၇ ရွာက ပြည်သူ ၁,၂၀၀ ကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ပွဲဟာ နမ့်ဆန်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကုန်းသာကျေးရွာအုပ်စုဘက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီတကြောက ကုန်းသာ၊ ဟူးမန်း၊ ပါလောက်၊ မန်လုံ၊ ပင်လုံ၊ တာ့လက်၊ ဆန်ငန်း စတဲ့ ရွာပေါင်း ၇ ရွာက ရွာသားတွေ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းကနေ မနေ့ကအထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ နမ့်ဆန်မြို့ ဇယန်းကြီးကျောင်းတိုက်မှာတော့ ၁,၂၆၅ ဦး ရောက်ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေတဲ့ သံဃာတော် တပါးက ဒီဗွီဘီကို မိန့်ပါတယ်။

“၇ ရက်နေ့ကတည်းကနေ တဖွဲဖွဲရောက်လာကြတယ်၊ အစက စာရင်းကောက်တာ ၁,၀၄၀၊ မနေ့ညက နောက်ထပ် ၂၂၅ ယောက် ရောက်လာတော့ အကုန် ၁,၂၆၅ ယောက်ပေါ့။ တချို့လည်း သူတို့အစီအစဉ်နဲ့လာတယ်၊ တချို့လည်း ကျောင်းတိုက်က ကားနဲ့ သွားကြိုလာတယ်၊ လူကတော့ အစုံပါပဲ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေရော၊ ကိုယ်ဝန်ဆောင်ရော၊ ကလေးတွေရော၊ ပြီးတော့ လေဖြတ်နေတဲ့လူနာတွေ၊ မသန်စွမ်းသူတွေလည်းပါတယ်၊ အများအားဖြင့် အဝတ်တထည် ကိုယ်တခု ပြေးလာတာ။ အဝတ်အစားလဲစရာ အပိုလည်းမရှိဘူး၊ စောင်တွေလည်းလိုတယ်၊ ဆေးဝါးတွေလည်း လိုတယ်၊ အရေးကြီးဆုံး စားရေးသောက်ရေးပေါ့။ လူက တအားများတော့ ဘုန်းကြီးကျောင်းလည်း မတတ်နိုင်၊ အလှူရှင်တွေ လှူသလောက်လည်း မလောက်သေးဘူး။”

အဆိုပါရွာသားတွေဟာ အများအားဖြင့် လက်ဖက်ခြံလုပ်ငန်းလုပ်ကိုင်ပြီး ခုချိန်ဆိုရင် လက်ဖက်ခူးချိန်၊ လက်ဖက်လှမ်းချိန်ဖြစ်ကြောင်း၊ ရက်ပေါင်းရှည်ကြာ စစ်ဘေးရှောင်ရရင်တော့ အလုပ်အကိုင်လည်း ပျက်ပြီး စားဝတ်နေရေး အခက်တွေ့နိုင်တယ်လို့ ဆိုပါတယ်။

ရပ်နီးရပ်ဝေး စေတနာရှင်တွေအနေနဲ့ နမ့်ဆန်စစ်ဘေးရှောင်တွေကို ဖုန်းနံပါတ် ၀၉၂၆၅၉၃၃၁၈၄၊ ၀၉၂၅၇၆၁၅၁၀၈၊ ၀၉၂၆၇၄၃၃၉၉၂၊ ၀၉၂၆၃၁၅၉၅၅၇၊ ၀၉၂၆၀၈၃၈၅၆၆ နဲ့ ၀၉၂၆၆၆၀၈၃၂၂ တွေကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရ တာ့အိုက်ကျော်က “ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဟာ ရဟတ်ယာဥ် ၅ စီးနဲ့ ကုန်းသာ၊ ပန်လော့၊ ဟူးမန်းဘက်မှာ စစ်သားတွေ လာချထားလို့ ကုန်းသာရွာမှာ ရှိနှင့်နေတဲ့ TNLA တပ်သားတွေနဲ့ ပစ်ခတ်မှု စဖြစ်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ကူပစ်တာတွေကြောင့် ကုန်းသာရွာ ဘုန်းကြီးကျောင်းဇရပ်နဲ့ နေအိမ် ၅ လုံး လက်နက်ကျည်ထိပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။

Photo Credit-ဇယန်းဟိုနမ့်ကျောင်း 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013