Home
မြန်မာသတင်း
ရာသီဥတုအေးလာသဖြင့် နမ့်ဆန်စစ်ဘေးရှောင်များ စောင်များ အရေးပေါ် လိုအပ်
DVB
·
December 12, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း (တအာင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ထောင်ချီရှိလာပြီး အပူချိန် ၂ ဒီဂရီထိ ကျလာတာကြောင့် စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။ 

ကူညီပေးနေသူတဦးက "စောင်ပေါ့။ စားစရာ ပေါတယ်။ အပူချိန်က ညဆို ၂ ဒီဂရီပဲရှိတာ။ အရမ်းအေးတယ်"  လို့  ပြောပါတယ်။ 

ကုန်းသာ၊ ဟူးမန်း၊ မန်လုံ၊ ပိန်းလုံ၊ သာလက်ရွာတွေက စစ်ရှောင် ၁၀၀၀ ကျော်လော်ဟာ  နမ့်ဆန်မြို့ပေါ်က ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေကြပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နမ့်ဆန်မြို့ခံတဦးက "လူဦးရေက အတိကျတော့ မသိဘူး။ ၁၀၀၀ တော့ ကျော်တယ်။ ထပ်ထပ်ပြီး ရောက်နေကြဆဲမို့ပါ။ တခြား နှစ်နေရာမှာလည်း ရှိတယ်" လို့ ‌ပြောပါတယ်။  

တိုက်ပွဲဖြစ်နေချိန် မဟုတ်ဘဲ စစ်ကောင်စီက ရုတ်တရက် လေကြောင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်လာ‌တာကြောင့် ဒေသခံတချို့ စပါးချွေနေရင်းကနေ ဘေးလွတ်ရာ ထွက်ပြေး လာခဲ့ရတာကြောင့် ဘာမှမပါခဲ့ဘဲ အခက်အခဲဖြစ်ကြရကာ တချို့ ‌စစ်ရှောင်တွေက အသိ ဆွေမျိုးအိမ်တွေ၊ လားရှိုး၊ ကျောက်မဲမြို့ဘက်တွေကို တိမ်းရှောင်နေကြတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက  ပြောပါတယ်။ 

ကုန်းသာရွာမှာတော့ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်က စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီး‌ကြောင့် နေအိမ် ၃ လုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး ‌၁၀ ရက်နဲ့ ၁၁ ရက် အခြေအနေတွေကိုတော့ တိမ်းရှောင်လာခဲ့တာကြောင့် မသိရတော့ဘူးလို့ ဆိုပါတယ်။ 

နှစ်ဖက် တိုက်ပွဲ အခြေအနေ တင်းမာနေဆဲ ဖြစ်တာကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်လာမှာကို ဒေသခံတွေစိုးရိမ်နေကြသလို ရက်ရှည် တိမ်းရှောင်ရပါက စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာမှာ ပူပန်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တဦးက "တိုက်ပွဲက တအားဖြစ်နေတယ်။ နေ့ရော ညရော ညသန်းခေါင်ကြီးရော လေယာဉ်တွေနဲ့ လာချတာ။ ဆက်တိုက် ဆက်တိုက် နေ့တိုင်းပဲ" လို့ ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတဲ့အပြင် တိုက်ပွဲဖြစ်ရာ အနီးနားရွာတွေထဲကိုပါ  လက်နက်ကြီးနဲ့  ပစ်ခတ်နေတာကြောင့် နေမရဘဲ ထွက်ပြေးခဲ့ရတာလို့ သူက ရှင်းပြပါတယ်။ 

ဒေသခံတဦးက "ရက်ရှည်လာလို့ ရှိရင်တော့ အဆင်မပြေ ဖြစ်လာမှာပဲလေ။ အခု လောလောဆယ်က စားဖို့ သောက်ဖို့ မြို့မိ၊ မြို့ဖတွေနဲ့ အဝေးက လှူထားတဲ့ ဟာတွေနဲ့ အဆင်ပြေ နေတယ်။ ဒီနေ့ထိတောင် စစ်ဖြစ်နေတုန်းပဲ။ အသံတွေတော့ မြို့ကနေတောင် ကြားနေရတယ်" လို့ ပြောပါတယ်။ 

TNA ဌာနချုပ်ရှိရာ နမ့်ဆန်မြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်ကနေ ၁၁ ရက်အထိ ၅ ရက် ဆက်တိုက် စစ်ကောင်စီက လေကြောင်းနဲ့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဘက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024