DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီနှင့် လက်နက်ဝယ်ပေးသူများကို ကနေဒါက ပိတ်ဆို့ဒဏ်ခတ်သည်အပေါ် ကြိုဆို
DVB
·
December 12, 2022
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီနှင့် လက်နက်ဝယ်ပေးသူများကို ကနေဒါက ပိတ်ဆို့ဒဏ်ခတ်သည်အပေါ် ကြိုဆို
1 / 2
Donate to DVB

မြန်မာအကြမ်းဖက်စစ်တပ်အတွက် ဂျက်လေယာဉ်ဆီတွေတင်သွင်းထောက်ပံ့ပေးသူတွေနဲ့ စစ်လက်နက်ပွဲစားတွေကို ကနေဒါအစိုးရက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် Justice For Myanmar က ကြိုဆိုလိုက်ပါတယ်။ 

မြန်မာစစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်းကြိုးပမ်းတဲ့လုပ်ရပ်နဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်မှုတွေအပေါ်တုံ့ပြန်တဲ့အနေနဲ့ ကနေဒါနိုင်ငံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအထိမ်းအမှတ်အဖြစ် ဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်လိုက်တာဖြစ်ပါတယ်။ 

ကနေဒါနိုင်ငံက မြန်မာစစ်အုပ်စုဝင် လူပုဂ္ဂိုလ် ၁၂ ယောက်နဲ့ အဖွဲ့အစည်း ၃ ခုကို  ပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့အထဲမှာ စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူထောက်ပံ့ပေးနေတဲ့  မြန်မာစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Asia Sun Group နဲ့ မြန်မာစစ်တပ်ရဲ့ အဓိကစစ်လက်နက်ပွဲစားတွေဖြစ်တဲ့  Dynasty International ကုမ္ပဏီနဲ့ International Gateways Group တို့ကိုလည်း ပါဝင်ပါတယ်။

အခုလို ကနေဒါရဲ့ ပစ်မှတ်ထားအရေးယူမှုကို ကြိုဆိုကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ပစ်မှတ်ထားအရေးယူရာမှာ ကနေဒါဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်တယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်မှာပြောပါတယ်။

“ခုလို အရေးယူပိတ်ဆို့လိုက်တာဟာ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပြီး၊ မြန်မာနိုင်ငံအပေါ် စစ်အုပ်စုထိန်းချုပ်လို့မရအောင် ထိထိရောက်ရောက် ဟန့်တားထားနိုင်ခဲ့တဲ့ နွေဦးတော်လှန်ရေးနဲ့ လေယာဉ်ဆီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လှုံ့ဆော်တောင်းဆိုခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အောင်ပွဲတစ်ခုဖြစ်ပါတယ်။”

ဒါပေမဲ့ စစ်တပ်ရဲ့ လေယာဉ်ဆီနဲ့ စစ်လက်နက်ထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ဖို့ လုပ်စရာတွေ များစွာရှိနေပြီး အမေရိကန်၊ ယူကေ၊ အီးယူ၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ Asia Sun Group နဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့ဖို့လည်းJustice For Myanmar  အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အခုပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ Asia Sun Group ဟာ လေယာဉ်လောင်စာဆီတွေကို တင်သွင်းပြီး၊ မြန်မာစစ်တပ်ဆီကို တိုက်ရိုက် ပို့ဆောင်နေတာဖြစ်ပြီး၊ Dynasty International ကုမ္ပဏီကတော့ မြန်မာစစ်တပ်အတွက် ဘယ်လာရုစ်၊ ရုရှားနဲ့ ဂျာမဏီကနေ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးထားခဲ့တာပါ။  International Gateways Group ကတော့ မြန်မာစစ်တပ်အတွက် တရုတ်နိုင်ငံက စစ်လက်နက်တွေ ဝယ်ယူပေးတဲ့ အဓိကလက်နက်ပွဲစား ဖြစ်ပြီး ဒီကုမ္ပဏီတွေကို အမေရိကန်နဲ့ ယူကေတို့ကလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့ ထားပါတယ်။

မြန်မာစစ်တပ်ဟာ အခုရက်ပိုင်းတွေမှာ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်နေပါတယ်။

ကချင်ပြည်နယ်မှာလည်း မကြာသေးခင်က ကေအိုင်အိုရဲ့ ဂီတဖျော်ဖြေပွဲတခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၈၀ ကျော် သေဆုံးစေခဲ့ရသလို စစ်ကိုင်းတိုင်းအတွင်းမှာလည်း စာသင်ကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အနည်းဆုံး ၁၂ ဦးလောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှား၊ အီရန်နဲ့ မြန်မာ သုံးနိုင်ငံက လူပုဂ္ဂိုလ် ၆၇ ဦးနဲ့ ကုမ္ပဏီလုပ်ငန်း ၉ ခုကို  ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်လိုက်တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ 

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013