
မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ချောက်ကန်ရွာက လွှတ်တော်ကိုယ်စားလှယ် တယောက်နဲ့ ဒေသခံ ၂ ယောက်ရဲ့ နေအိမ်ကို PDF နဲ့ ဆက်စပ်တယ်စွပ်စွဲပြီး စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေ ၅ နာရီလောက်မှာ တိုင်းလွှတ်တော်အမတ် ဒေါ်ဇင်နီနီဝင်းရဲ့ နေအိမ်၊ ဦးသိန်းဇော်ရဲ့ နေအိမ်နဲ့ အမှတ် (၁၀) ရပ်ကွက်က ကိုဖြိုးမင်းမောင်ရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
ရွာခံတယောက်က “စစ်တပ်နဲ့ ရဲတွေပေါင်းပြီး ရောက်လာကြတာ။ နေအိမ်တွေ၊ ခြံဝန်းတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းမှာဖြစ်လို့ မကျူးကျော်ရ၊ မရောင်းဝယ်ရဆိုတဲ့ ဗီနိုင်းတွေ ချိတ်ဆွဲ သွားကြတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့မှာ လွှတ်တော်အမတ်တွေ၊ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မကြာခဏ ချိပ်ပိတ်နေသလို ဒေသခံတွေကိုလည်း မကြာခဏ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခု နှစ် မေ ၂၀ ရက်အထိ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ ISP-Myanmar က ဇွန် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။